မိုင်းရယ် ဧပြီ ၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်တွင် ယခင်နှစ်က စိုက်ပျိုးထားသည့် ကြံများ အထွက်နှုန်းကောင်းမွန်၍ ကြံစိုက်တောင်သူများ စီးပွားဖြစ်ထွန်းကြောင်း သိရသည်။
မိုင်းရယ်မြို့နယ်တွင် အစားသောက်ဖူလုံရန်အတွက် စပါးကို အဓိကစိုက်ပျိုးကြပြီး ဒုတိယအဓိကစိုက်ပျိုးသီးနှံမှာ ကြံဖြစ်သည်။
၂၀၂၂-၂၀၂၃ ခုနှစ်က ကြံကို ၁၄၆၃၈ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး အထွက်နှုန်းကောင်းမွန်၍ တောင်သူများ ကြံစိုက်ပျိုးခြင်းကို ပိုမိုလုပ်ကိုင်လာကြောင်း၊ ၂၀၂၃-၂၀၂၄ ခုနှစ်တွင်လည်း ကြံ ၁၁၀၃၃ ဧကကို စိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မိုင်းရယ်မြို့နယ်၊ ခိုဆိုင်းကျေးရွာတွင် သံတောင်ဦးကုမ္ပဏီနှင့် ငွေရည်ပုလဲကုမ္ပဏီအုပ်စု ပိုင် သကြားစက်ရုံတည်ရှိပြီး အဆိုပါသကြားစက်ရုံမှာ ယခင်က တစ်နေ့လျှင် ကြံတန်ချိန် (၅၀၀၀)ကြိတ်ဝါးနိုင်ရာမှ ၂၀၂၃ ခုနှစ်တွင် စက်များတိုးချဲ့တပ်ဆင်ခဲ့ပြီး ယခုအခါ တစ်နေ့လျှင် ကြံတန်ချိန်(၇၀၀၀)ထိ ကြိတ်ဝါးလျက်ရှိကြောင်း၊ ကြံခုတ်ရာသီတွင် ဒေသခံပြည်သူများသာမက ရပ်နီး၊ ရပ်ဝေးမှ ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိပြီး ကြံ ၁ တန်လျှင် ကျပ် ၁၂၀၀၀၀ ဖြင့်ဝယ်ယူ၍ လုပ်ငန်းများ လည်ပတ်လျက်ရှိကြောင်း သတင်းရရှိသည်။
မိုင်းရယ်(ပြန်/ဆက်)