ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ မြန်မာ-လာအို ချစ်ကြည်ရေးတံတား ကြည့်ရှုစစ်ဆေး

ကျိုင်းလပ် ဧပြီ ၈

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် တာဝန်ရှိသူများသည် ဧပြီ(၇)ရက်နံနက်(၉)ရီခွဲက ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ် ကျိုင်းလပ်ရှိ နှစ်နိုင်ငံနယ်စပ်ဒေသကုန်သွယ်မှုမြှင့်တင်ရေးနှင့် နယ်စပ်ဒေသကုန်သွယ်မှုချောမွေ့စေရေး မြန်မာ-လာအို နှစ်နိုင်ငံချစ်ကြည်ရေးတံတားအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် တာဝန်ရှိသူများသည် နှစ်နိုင်ငံချစ်ကြည်ရေးတံတား မြန်မာဘက်ဂိတ်တွင် တာဝန်ထမ်းဆောင်နေသော သက်ဆိုင်ရာဌာနများနှင့် တစ်ဦးချင်းမိတ်ဆက်ကြပြီး ရှင်းလင်းဆောင်ခန်းမ၌ ကျိုင်းလပ်မြို့နယ် ဌာနဆိုင်ရာများနှင့်တွေ့ဆုံရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က နယ်စပ်ဂိတ်ဖြစ်သည့်အတွက် သက်ဆိုင်ရာဌာနများ လိုအပ်ချက်များရှိပါက ရှမ်းပြည်နယ်အစိုးရအနေဖြင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးနိုင်ရန် လာရောက်ခြင်းဖြစ်ပါကြောင်း၊ တာဝန်ကျသည့် ဝန်ထမ်းများကလည်း လိုအပ်သည်များ ဆောင်ရွက်ပေးနိုင်ရန်တင်ပြပေးကြရန် မိမိနိုင်ငံနယ်စပ်ကုန်သွယ်ရေးလုပ်ငန်းတွင် ပိုမိုမြှင့်တင်ဆောင်ရွက်ပေးကြရန် ပြောကြားသည်။

ထိူ့နောက် တာချီလိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းကိုက နှစ်နိုင်ငံချစ်ကြည်ရေးဂိတ်နှင့်ပတ်သက်၍ ရှင်းလင်းပြီး သက်ဆိုင်ရာဌာနများက လုပ်ငန်းဆောင်ရွက်ချက်နှင့် လိုအပ်ချက်များ တင်ပြဆွေးနွေး၍ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ဖြည့်စွက်ဆွေးနွေးကာ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် နှစ်နိုင်ငံချစ်ကြည်ရေး နယ်စပ်ဒေသကုန်သွယ်မှုဂိတ်တွင် တာဝန်ထမ်းဆောင်နေသော လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ဝန်ထမ်းများလုပ်ငန်းများဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး မဲခေါင်-လန်ချန် ကုန်သွယ်ရေးစခန်းရှိ အကောက်ခွန်၊ ပြည်တွင်းအခွန်၊ လူဝင်မှုကြီးကြပ်ရေး၊ မြန်မာစီးပွားရေးဘဏ်အခန်းများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

ယင်းနောက် တာချီလိတ်မြို့ လေယာဥ်ဆိပ်(VIP)ခန်းမတွင် ပြုလုပ်သော ရှမ်းပြည်နယ်(မြောက်ပိုင်း) တိုက်ပွဲရှောင်များအတွက် အလှူငွေများ ပေးအပ်လှူဒါန်းပွဲတွင် လားရှိုးမြို့၊ သီရီရတနာမန်ဆူကျောင်းတိုက် ဆရာတော်ဒေါက်တာဘဒ္ဒန္တပုညာနန္နအရှင်သူမြတ်ထံမှ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ တြိဂံတိုင်းစစ်ဌာနချုပ်တိုင်းမှူးတို့မှအမှူးပြုသော ဧည့်ပရိတ်သတ်တို့က ငါးပါးသီလဆောက်တည်ကြပြီး ရှမ်းပြည်နယ်(မြောက်ပိုင်း) တိုက်ပွဲရှောင်များအတွက် အလှူငွေကျပ်သိန်း(၁၈၃)သိန်း၊ ဆန်၊ ဆီတို့ကို သီရီရတနာမန်ဆူကျောင်းတိုက် ဆရာတော်ဒေါက်တာဘဒ္ဒန္တပုညာနန္နထံ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် အောင်ခိုင်ဝင်းတို့က ဆက်ကပ်လှူဒါန်းပေးကြပြီး ဆရာတော်ကြီးမှ လက်ခံရယူ၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေကာအခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု (၃)ကြိမ်ရွတ်ဆိုဆုတောင်းလိုက်ကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)