ကျိုင်းလပ် ဧပြီ ၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဌာနဆိုင်ရာအသီးသီးရှိ ဝန်ထမ်းများအား နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာအုပ်၊ စာစောင်များ လက်ဝယ်အရောက် အခမဲ့ ကွင်းဆင်းငှားရမ်းပေးလျက်ရှိရာ ယနေ့ နံနက်က ဌာနဆိုင်ရာရုံးများသို့ ပြည်သူ့စာကြည့်တိုက် ဝန်ဆောင်မှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ပြည်သူ့စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာဖတ်ပရိတ်သတ်များ၊ အလုပ်မအား၍ စာအုပ်လာရောက်ငှားရမ်းခြင်းမရှိသည့် ဝန်ထမ်းများအား စာအုပ်စာစောင်များ အလွယ်တကူဖတ်ရှုနိုင်ရန် သုတ၊ ရသ စာအုပ်များ ယူဆောင်၍ နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ ဦးစီးဌာနအနေဖြင့်လည်း နယ်လှည့်စာကြည့်တိုက် ဖွင့်လှစ်ပေးခြင်းဖြင့် စာကြည့်တိုက်သို့ မလာရောက်နိုင်သူများအတွက် စာအုပ်၊ စာပေများ လေ့လာဖတ်ရှုခွင့်ရရှိကြပြီး ယခင်ငှားရမ်းထားသော စာအုပ်များကိုလည်း တစ်ပတ်ပြည့်ပါက စာအုပ်များ ပြန်လည်အပ်နှံနိုင်ရေးနှင့် စာအုပ်အသစ်များ ထပ်မံငှားရမ်းနိုင်ရေးအတွက် အပတ်စဉ် ကွင်းဆင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
စန်းစန်းမြင့်(ပြန်/ဆက်)