မိုင်းယောင်းမြို့၌ ရွှေတိဂုံပုံတူ ဝိမုတ္တိသုခဆုတောင်းပြည့်စေတီတော်မြတ်ကြီး ရွှေထီးတော် အသစ်တင်လှူပူဇော်

မိုင်းယောင်း  ဧပြီ  ၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊  မိုင်းယောင်းမြို့နယ် မုန်းလိုက်ကျေးရွာအုပ်စု မိုင်းဟန်ကျေးရွာတွင် ယမန်နေ့က ထေရဝါဒဗုဒ္ဓသာသနာပြုကျောင်းဝန်းအတွင်း တည်ထားကိုးကွယ်တော်မူသည့် ရွှေတိဂုံပုံတူ ဝိမုတ္တိသုခဆုတောင်းပြည့်စေတီတော်မြတ်ကြီး၏ ရွှေထီးတော်အသစ် ပြန်လည်တင်လှူပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားကို ကျင်းပခဲ့ကြောင်း သိရသည်။

ရွှေထီးတော်တင်လှူပူဇော်ပွဲသို့ ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို)ကျောင်းဆရာတော် အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တဘဒ္ဒိယ၊ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဟိုခုံပရိယတ္တိစာသင်တိုက်ဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဂန္ဓရသဝံ​သောနှင့် ဆရာတော်၊ သံဃာတော်များ၊ မိုင်းယောင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်နှင့် အဖွဲ့ဝင်များ၊ အမှတ်(၃၁၁)ခြေမြန်တပ်ရင်း တပ်ရင်းမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေနှင့် အဖွဲ့ဝင်များ၊ ရွှေထီးတော်မတည်အလှူရှင်များ၊ တပ်နယ်တပ်ရင်းများမှမိသားစုများ၊ ပြည်သူများ တက်ရောက်ပူဇော်ခဲ့ကြသည်။

ရှေးဦးစွာ အခမ်းအနားကို နမောတဿ (၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး တာချီလိတ်မြို့ ဝေဠုဝန်ကျောင်းဆရာတော် ဘဒ္ဒန္တအာစိဏ္ဏထံမှ (၉)ပါးသီလခံယူ၍ ရွှေတိဂုံပုံတူ ဝိမုတ္တိသုခဆုတောင်းပြည့်စေတီတော်မြတ်ကြီး၏ စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော်၊ ပရိတ်ချည်၊ ပရိတ်သဲတို့ကို မိုင်းယောင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး၊ အမှတ်(၃၁၁)ခြေမြန်တပ်ရင်း တပ်ရင်းမှူး၊ ရွှေထီးတော်အလှူရှင်မိသားစုတို့မှ ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို)ကျောင်းဆရာတော်၊ မိုင်းဟန်ဆရာတော်တို့အား ဆက်ကပ်လှူဒါန်းကာ ရတနသုတ်နှင့် မေတ္တာသုတ်တို့ကို နာယူကြည်ညိုကြသည်။

ထို့နောက် ဆရာတော်၊ သံဃာတော်များတို့မှ ပရိတ်ချည်၊ ပရိတ်သဲများ ပက်ဖျန်းပြီး မိုင်းယောင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင် ဦးဆောင်၍ စေတီတော်မြတ်ကြီး၏ စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော်၊ ရွှေခေါင်းလောင်းတို့ကို လှည့်လည်အပူဇော်ခံခဲ့၍ နတ်ပန်းရထားဖြင့် စေတီတော်အထွဋ်သို့ တင်လှူပူဇော်ခဲ့ကြပြီး စေတီတော်မြတ်ကြီးအား အနေကဇာတင်ပူဇော်ခဲ့သည်။

ယင်းနောက် ဆရာတော်၊ သံဃာတော်များအား ဆွမ်းဆန်တော်လောင်းလှူခဲ့ကြပြီး  နိုင်ငံတော်အစိုးရက သဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော် ဆက်ကပ်ခဲ့သည့် ထေရဝါဒဗုဒ္ဓသာသနာပြု(မိုင်းဟန်)ကျောင်းဆရာတော် သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဇဋိလ၏ ဂုဏဝိသိဌဂုဏ်ပြုပူဇော်ပွဲမင်္ဂလာအခမ်းအနားကို ဆက်လက်ကျင်းပခဲ့ရာ မိုင်းဟန်ဆရာတော်အား အလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ထို့နောက် တာချီလိတ်မြို့ ဝေဠုဝန်ကျောင်းဆရာတော်ထံမှ ရေစက်ချအနုမောဒနာတရားနာယူပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတု (၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားရုတ်သိမ်းခဲ့ကြောင်း သိရသည်။

၎င်းနောက် ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ပြီး ဧည့်ပရိသတ်များအား နေ့လယ်စာဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေမိသားစုမှ မိုင်းဟန်ဆရာတော်အား နဝကမ္မအလှူငွေ ကျပ်(၁)သိန်း ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ထွန်းမြင့်လှိုင်