ကျိုက်ထို ဧပြီ ၈
ကျိုက်ထိုမြို့၊ တောင်သူစုရပ်ကွက်၊ ဘုရားသုံးဆူတောင်ပေါ်ကြီးကျောင်း၌ ပြည်သူများ ဖူးမြှော်ကြည်ညိုပူဇော်နိုင်ရန် တည်ထား ပူဇော်ထားသည့် ဉာဏ်တော်အမြင့် (၂၅၅)ပေ (၆) လက်မရှိ ထိုင်တော်မူ ဗုဒ္ဓဂေါတမရုပ်ပွားတော် ဘုရား၏ ပရိဝုဏ်အတွင်း၌ အမြင့်ပေ (၂၀၀)ရှိ မဟာဗောဓိစေတီတော်ကြီး ဗုဒ္ဓါဘိသေက အနေကဇာတင် ပူဇော်ခြင်းနှင့် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ စေတီတော်အတွင်း၌ မြတ်ဗုဒ္ဓဆင်းတုတော်အား မန္တလေးမြို့ မစိုးရိမ်တိုက်သစ်ဆရာတော် ဘဒ္ဒန္တ ဘိဝံသ၊ ဘုရားသုံးဆူတောင်ပေါ်ကြီး ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ တေဇဝန္တ နှင့် ပင့်ဆရာတော်/သံဃာတော်များမှ ဗုဒ္ဓဘိသေကမင်္ဂလာအနေကဇာတင် အခမ်းအနားပြုလုပ်ပြီး ဆရာတော်/ သံဃာတော် ၂၃၀ ပါးတို့အား ငွေဆွမ်းလောင်းလှူ၍ မန္တလေးမြို့ မစိုးရိမ်တိုက်သစ်ဆရာတော် ဘဒ္ဒန္တ ဘိဝံသ ထံမှ အနုမောဒနာတရားတော် အားနာယူကာ လှူဒါန်းမှုအစုစုအတွက် ရေစက်ချအမျှပေးဝေခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ မန္တလေးမြို့ မစိုးရိမ်တိုက်သစ်ဆရာတော် ဘဒ္ဒန္တ ဘိဝံသ၊ ဘုရားသုံးဆူတောင်ပေါ်ကြီး ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ တေဇဝန္တ ၊ မြို့နယ်သံဃနာယက ဆရာတော် ဘဒ္ဒန္တ တေဇနိယ နှင့် ပင့်သံဃာတော်များ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးဇေယျာဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးပြည်ထွန်း၊ မြို့နယ်သာသနာရေးမှူး ဦးအောင်စိုးမိုးခိုင်၊ အလှူရှင် ဦးတင်ဝင်း + ဒေါ်အုန်းမြင့် နှင့် ဧည့်ပရိသတ်များ တက်ရောက်ခဲ့ကြောင်းနှင့် ဘုရားဖူးလာ ပြည်သူများအား စတုဒီသာမဏ္ဍပ် များ ဖွင့်လှစ်ကာ ဧည့်ခံကျွေးမွေးလှူဒါန်းခဲ့ကြကြောင်း သိရသည်။
ဝင်းမောင်(ပြန်/ဆက်)