စဉ့်ကိုင် ဧပြီ ၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့တို့ ပူပေါင်း၍ အဆိုပါ ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက် (၉) နာရီ အချိန်က ပန်းချီပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲများကို ပြုလုပ်ခဲ့သည်။
ဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းသန်းက ကျောင်းသား/သူ လူငယ်များ နွေရာသီ ကျောင်းပိတ်ရက်ရှည်ကာလအတွင်း အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ ကျောင်းစာအပြင် ပြင်ပစာပေများနှင့် ထိတွေ့ပြီး အသိပညာဗဟုသုတများ တိုးပွားစေရန်၊ စာကြည်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရရှိစေရန် ယခုလိုပြိုင်ပွဲများ၊ ပြပွဲများ ကျင်းပပေးရခြင်း ဖြစ်ကြောင်းပြောကြားပြီး ဒုတိယဦးစီးမှူး ဒေါ်စန္ဒာအေးအောင်က ပြိုင်ပွဲ စည်းမျဉ်း/စည်းကမ်းများကို ပြိုင်ပွဲဝင်သူများအား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ပြိုင်ပွဲများကို ကျင်းပခဲ့ရာ စိတ်ကြိုက်ပန်းချီပြိုင်ပွဲတွင် ပြိုင်ပွဲဝင် (၁၀)ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသည်။ ဆက်လက်၍ ဒုတိယဦးစီးမှူး ဒေါ်စန္ဒာအေးအောင်မှ ဆေးရောင်ခြယ် အလှရုပ်ပုံ ကားချပ်များကို ဖြန့်ဝေပေးခဲ့ရာ ၎င်းပြိုင်ပွဲဝင်သူများက ရုပ်ပုံများနှင့် လိုက်ဖက်သော ဆေးရောင်များဖြင့် ယှဉ်ပြိုင်ခြယ်သခဲ့ကြသည်။ ယင်းနောက် တက်ရောက်လာသူများက ရုံးဝန်း အတွင်း ပြသထားသော အသိပညာဗဟုသုတဖြစ်ဖွယ် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးနှင့် ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်များနှင့်၊ သုတ/ရသ စုံလင်သည့် စာအုပ်စာစောင်များကို စိတ်ဝင်တစား လေ့လာဖတ်မှတ် ကြည့်ရှုခဲ့ကြောင်း သိရသည်။
ကျော်စွာ (စဉ့်ကိုင်)