မတ္တရာမြို့နယ် သဲကောကျေးရွာအုပ်စု၌ သက်ကြီးပူဇော်ပွဲ ကျင်းပ

မတ္တရာ ဧပြီ ၈

မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ သဲကောကျေးရွာအုပ်စုတွင် သက်ကြီးစောင့်ရှောက်ရေးအဖွဲ့မှကြီးမှူး၍ အသက်(၇၅)နှစ်နှင့်အထက် သက်ကြီးအဘိုးအဘွားများအား ယနေ့နံနက်(၉)နာရီအချိန်တွင် သဲကောကျေးရွာအုပ်စု သီလှကုန်းကျေးရွာဓမ္မာရုံ၌ သက်ကြီးပူဇော်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ခဲ့ပြီး၊ သက်ကြီးစောင့်ရှောက်ရေးအဖွဲ့တာဝန်ရှိသူမှ အဘိုးအဘွားများအတွက် ကျန်းမာရေးသိကောင်းစရာဗဟုသုတများကို ရှင်းလင်းပြောကြားခဲ့ပြီး၊ နှစ်စဉ်နှစ်တိုင်း ဆေးဝါးပစ္စည်းများနှင့် စားသောက်ပစ္စည်းများကိုလည်း လှူဒါန်းစောင့်ရှောက်မှုများ ပေးအပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယခင်နှစ် သက်ကြီးပူဇော်ပွဲတွင် အသက်(၇၅)နှစ်အထက် အပူဇော်ခံအဘိုးအဘွားအရေအတွက် (၂၄) ဦး ရှိခဲ့ပြီး၊ ယခုနှစ်တွင် အသက်(၇၅)နှစ်အထက် အပူဇော်ခံအဘိုးအဘွား စုစုပေါင်း (၃၅)ဦးဖြစ်ပြီး၊ အဘိုးအဘွားတစ်ဦးလျှင် ဆန်၊ ဆီ၊ ဆေးဝါးများနှင့် စားသောက်ပစ္စည်းများ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ချမ်းမြေ့မောင်