ရန်ကုန် ဧပြီ ၈
မော်လမြိုင်အသင်း (ရန်ကုန်)၏ (၁၀၆) ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေး၊ သက်ကြီးပူဇော်ပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ယမန်နေ့ နံနက် (၉) နာရီက ရန်ကုန်မြို့ ရွှေတိဂုံစေတီတော်အနောက်ဖက်မုဒ်ရှိ မော်လမြိုင်ဓမ္မာရုံ၌ ကျင်းပရာ အသင်းဥက္ကဋ္ဌ ကပ္ပတိန်ဆန်းဦးနှင့် အသင်းသား၊ အသင်းသူများ၊ ကန်တော့ခံအဖိုးအဖွားများ၊ ပညာရည်ချွန်ဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ မောင်လမြိုင်အသင်း (ရန်ကုန်)အသင်းဥက္ကဋ္ဌ ကပ္ပတိန်ဆန်းဦးက နှုတ်ခွန်းဆက်အမှာစကားပြောကြားပြီး၊ တက်ရောက်ကြသည့် အသင်းသားအသင်းသူများက အသက် (၈၀) နှစ်နှင့်အထက် အဖိုး၊ အဖွားများအား ကန်တော့ချိုးဖြင့် ကန်တော့ခဲ့ကြသည်။
ယင်းနောက် ကန်တော့ခံအဖိုးဇေယျကျော်ထင် သီရိပျံချီဦးစိန်ရ (ဝန်ကြီးအငြိမ်းစား) ကမေတ္တာပို့ ဆုတောင်းစကားပြောကြားပြီး ကန်တော့ခံအဖိုးအဖွားတို့အား အသင်းမှ အလှူရှင်ဒေါ်ခင်သန်းနွဲ့ (ပိုင်ဆောက်လုပ်ရေး) မိသားစုနှင့် အသင်းဒုတိယဥက္ကဋ္ဌ ဦးကျော်ဝင်း မိသားစုတို့က အဖိုးအဖွားများအား ကန်တော့ပစ္စည်းနှင့် အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြသည်။
ဆက်လက်၍ ၂ဝ၂၃-၂ဝ၂၄ (ယခုနှစ်) နှစ်ပတ်လည်အစည်းအဝေးအတွက် ငွေကျပ် (၁) သိန်းနှင့်အထက် လှူဒါန်းသည့် အလှူရှင်များအမည်စာရင်းကို ကြေငြာခြင်း၊ (၃) သိန်းနှင့်အထက် အလှူရှင်များကို ဂုဏ်ပြုလွှာပေးအပ်ခြင်း၊ သိန်း (၃၀)အထက် (ရာသက်ပန်) အလှူရှင်များကို သာဓုအနုမောဒနာဂုဏ်ပြုလွှာပေးအပ်ခြင်း၊ နိုင်ငံတော်မှ ဘွဲ့တံဆိပ်ချီးမြှင့်ခြင်းခံရသော ဂုဏ်ထူးဆောင်ဘွဲ့ရရှိသူများအား ထပ်ဆင့်ဂုဏ်ပြုလွှာပေးအပ်ခြင်း၊ အသင်းဝင် သားသမီးများထဲမှ ၂၀၂၃-၂၀၂၄ ပညာသင်ကြားနှစ် တက္ကသိုလ်ဝင်တန်းတွင် ဂုဏ်ထူးဆုရရှိသူများကိုအသင်းဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဂုဏ်ပြုလွှာနှင့် ဆုများအသီးသီးပေးအပ်ခဲ့ကြသည်။
ထို့နောက် အသင်းဥက္ကဋ္ဌမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး၊ တတ်ရောက်လာကြသည့် အသင်းသားအသင်းသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များအား ကံစမ်းမဲများဖောက်ပေးပြီး၊ မော်လမြိုင်ရိုးရာ သင်္ကြန်ထမင်းဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြသည်။
ယနေ့ကျင်းပပြုလုပ်သည့် မော်လမြိုင်အသင်း (ရန်ကုန်) ၏ (၁၀၆) ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေး၊ သက်ကြီးပူဇော်ပွဲ၊ ပညာရည်ချွန်ဆုပေးပွဲတွင် အသက် (၈၀) နှင့်အထက် အဖိုးအဖွား (၇၅) ဦးတို့အား ကန်တော့ခဲ့ပြီး၊ ၂၀၂၃-၂၀၂၄ ပညာသင်ကြားနှစ်တက္ကသိုလ်ဝင်တန်းတွင် ဂုဏ်ထူးဖြင့်အောင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူ (၄) ဦးအား ဂုဏ်ပြုဆုများ ပေးအပ်နိုင်ခဲ့ကြောင်း သိရသည်။
အောင်မြင့် (ပြန်/ဆက်)