တပ်ကုန်းမြို့၌ ရှေးဦးပြုစုနည်းအခြေခံသင်တန်းဆင်းခြင်းနှင့် ဆုချီးမြှင့်ပွဲကျင်းပ

တပ်ကုန်း ဧပြီ ၈

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်သော ရှေးဦးပြုစုနည်း အခြေခံသင်တန်း(၃/၂၀၂၃) သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါ ဦးစီးဌာနရှိ Community Centre ခန်းမတွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းကြက်ခြေနီတပ်ဖွဲ့မှူး ဦးစိုးလင်းဦး၊ ဥတ္တရခရိုင် ကြက်ခြေနီတပ်ဖွဲ့ဥက္ကဋ္ဌ ဦးဇော်လွင်၊ ဥတ္တရခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးနိုင်ဝင်းစိုး၊ တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်နှင့် ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးလွင်၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဒေါ်အေးအေးဆွေနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြပြီး၊ ခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးနိုင်ဝင်းစိုးက သင်တန်းဆင်း အမှာစကားပြောကြားခဲ့ပြီးနောက် သင်တန်းတွင်ဆုရရှိသည့် သင်တန်းသား၊ သင်တန်းသူများအား တာဝန်ရှိသူများက ဆုတံဆိပ်နှင့် ဆုငွေများပေးအပ်ချီးမြှင့်ခဲ့သည်။

အဆိုပါသင်တန်းတွင် သင်တန်းသား၊ သင်တန်းသူ ၂၄ ဦး တက်ရောက်ပြီး၊ သင်တန်းနည်းပြ ဆရာ၊ ဆရာမများက ကြက်ခြေနီအကြောင်းသိကောင်းစရာများ၊ ကြက်ခြေနီအခြေခံမူခုနှစ်ချက်၊ ရှေးဦးပြုစုနည်း၊ လူနာသယ်ဆောင်နည်း၊ ပတ်တီးစည်းနည်း၊ ရုတ်တရက်အသက်ဆို့နစ် ခြင်းပြုစုနည်းစသည့်ပညာရပ်များကို ဧပြီ ၃ ရက်မှ ၇ ရက်နေ့ထိ  စာတွေ့၊ လက်တွေ့သင်ကြားပေးခဲ့ကြောင်း သိရသည်။

တင်စိုးလွင်