ဒက္ခိဏခရိုင်ရုံး ပြည်သူ့စာကြည့်တိုက်၌ စာပေဝါသနာရှင်များက စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပ

နေပြည်တော် ဧပြီ ၈

စာအုပ်စာပေများ ဖတ်ရှုလေ့လာခြင်းဖြင့် ရရှိသည့် အတွေးအမြင်ဗဟုသုတများကို စာဖတ်သူအချင်းချင်း ဖလှယ်ဆွေးနွေးနိုင်ရန်အတွက် နေပြည်တော်စာရေးဆရာများ၊ စာရေးဆရာမများနှင့် စာပေဝါသနာရှင်များက စာရေးဆရာ စိုးတင့်(ဧရာဝတီ) ရေးသားထားသည့် “ကံ ကံ၏အကျိုးပေးနှင့် ဖြစ်ရပ်မှန်ဝတ္ထုတိုများစုစည်းမှု” စာအုပ်ဖြင့် ဧပြီလ ၅ ရက်နေ့ နံနက်ပိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒက္ခိဏခရိုင်ရုံး၊ ပြည်သူ့စာကြည့်တိုက်၌   စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ နေပြည်တော် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်က စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး စာအုပ်ပါအကြောင်းအရာများကို ဆွေးနွေးသည်။

ထို့နောက် တက်ရောက်လာကြသည့် စာရေးဆရာ၊ စာရေးဆရာမများက “ကံ ကံ၏အကျိုးပေးနှင့် ဖြစ်ရပ်မှန်ဝတ္ထုတိုများစုစည်းမှု” စာအုပ်တွင်ပါဝင်သည့် “ကံ ကံ၏အကျိုးပေး၊ အဘွားအို ဒေါ်ဒါန၊ သစ်ပင်တန်ဖိုးချစ်မြတ်နိုး၊ တပ်သစ်မှတ်တမ်း အလွမ်းပဒေသာ၊ ဂုဏ်သိက္ခာတိုက်ပွဲဟုဆိုချင်ပါသည်နှင့် မေတ္တာအောင်ပွဲ”စသည့်စာအုပ်ပါအကြောင်းအရာ အချက်အလက်များကို မိမိတို့၏ သဘောထားအမြင်များ၊ သုံးသပ်ချက်များဖြင့် အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

နေထက်ပိုင်(ပြန်/ဆက်)