ပြင်ဦးလွင် ဧပြီ ၅
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် သံဃသာမဂ္ဂီမဟာသိမ်တော်ကြီး စာစစ်ဌာနတွင် အစိုးရပါဠိပထမပြန်စာမေးပွဲ (ကြီး၊လတ်၊ ငယ်၊ မူ) စာမေးပွဲကြီးကို ဧပြီ ၃ ရက်နေ့မှ စတင်ကျင်းပပြုလုပ်ခဲ့ရာ ယနေ့နေ့လယ် ၁၂ နာရီက စာဖြေသံဃာတော်များအား ဆွမ်း၊ ဆေး၊ အချိုရည်များနှင့် န၀ကမ္မအလှူငွေများ ဆပ်ကပ်လှူဒါန်းပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အစိုးရပါဠိပထမပြန်စာမေးပွဲတွင် စာဖြေသံဃာ အကြီးတန်း (၆၉)ပါး၊ အလတ်တန်း(၈၅)ပါး၊ အငယ်တန်း(၁၉၆)ပါး၊ အခြေပြု မူလတန်း (၄၂၆)ပါး၊ စုစုပေါင်း သံဃာအပါး(၇၇၆)ပါး ၀င်ရောက်ဖြေဆိုကြောင်း သိရှိရသည်။
အဆိုပါ အစိုးရပါဠိပထမပြန်စာမေးပွဲဖြေဆိုနေသော သံဃာတော်များအား ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့၀င်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် အဖွဲ့၀င်များ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီအသင်းဥက္ကဋ္ဌနှင့် တပ်ဖွဲ့ဝင်များ၊ စေတနာ့၀န်ထမ်းများမှ ဆွမ်း၊ ဆေး၊ အချိုရည်များနှင့် န၀ကမ္မအလှူငွေများ ဆပ်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရှိရသည်။
သွေးသွေး(ခရိုင်/ပြန်ဆက်)