အစိုးရနည်းပညာကောလိပ်(ကျောက်ဖြူ)၌ ကျောက်ဖြူအထူးစီးပွားရေးဇုန်ဆိုင်ရာ ကျွမ်းကျင်မှုအခြေပြုကာလတိုသင်တန်းဆင်းပွဲ အခမ်းအနားပြုလုပ်

ကျောက်ဖြူ          ဧပြီ  ၅

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ဒေသခံလူငယ်များ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန် ရည်ရွယ်၍ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်းပညာ၊သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန၊  အစိုးရ နည်းပညာကောလိပ်(ကျောက်ဖြူ)နှင့် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန တို့ပူးပေါင်းကာ  ကျောက်ဖြူ အထူးစီးပွားရေးဇုန်ဆိုင်ရာ ကျွမ်းကျင်မှုအခြေပြုကာလတိုသင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နေ့လယ်ပိုင်းက အဆိုပါနည်းပညာကောလိပ်ရှိ စုဝေးဆောင်၌ ကျင်းပပြုလုပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အစိုးရနည်းပညာကောလိပ် (ကျောက်ဖြူ)မှ ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်သည်။

အခမ်းအနားတွင် ကျောက်ဖြူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေမင်းသူက ကျောက်ဖြူမြို့ သည် မြန်မာနိုင်ငံ၏ အနောက်ဘက်ကမ်းရိုးတန်းတွင်တည်ရှိပြီး ဘင်္ဂလားပင်လယ်အော်ကို မေးတင် ထားသည့် အချက်အချာကျသော ဆိပ်ကမ်းမြို့တစ်ခုဖြစ်ကြောင်း၊ ယင်းဆိပ်ကမ်းမြို့တွင် ကျောက်ဖြူ အထူးစီးပွားရေးဇုန်စီမံကိန်းကို နိုင်ငံတော်မှ ဦးစားပေး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး စက်မှုဇုန်စီမံကိန်း၊ လူနေအိမ်ရာစီမံကိန်း၊ ရေနက်ဆိပ်ကမ်းစီမံကိန်းတို့ ပါဝင်ကာ စက်မှုဇုန်စီမံကိန်းနှင့် ရေနက်ဆိပ်စီမံကိန်းများမှ ဒေသခံများကို အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနိုင်သဖြင့် ရခိုင်ပြည်နယ်၏ လူမှုစီပွားဘဝ ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ပါကြောင်း၊ ၎င်းစီမံကိန်းများမှ လူငယ်၊ လူရွယ်များအား အလုပ်အကိုင် အခွင့်အလမ်းများပိုမိုရရှိကာ အနာဂတ်လုပ်သားဈေးကွက်လိုအပ်ချက်ကို ဖြည့်ဆည်းပေး နိုင်မည့်အပြင် တစ်ဦးချင်းဝင်ငွေ ပိုမိုမြင့်မားလာနိုင်မည်ဖြစ်ပါကြောင်းပြောကြားသည်။

ထို့နောက် သင်တန်းအသီးသီးတွင် ထူးချွန်ဆုရရှိသူများနှင့် သင်တန်းသား/သင်တန်းသူများကို တာဝန်ရှိသူများက အမှတ်တရ ဂုဏ်ပြုဆုလက်ဆောင်များနှင့် သင်တန်းဆင်းလက်မှတ်‌များ ပေးအပ်ချီးမြှင့်ပြီး စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကြသည်။

အဆိုပါ ကာလတိုသင်တန်းတွင် အိမ်တွင်းလျှပ်စစ်သွယ်တန်းခြင်းသင်တန်း၊ ကွန်ပျူတာသင်တန်း၊ ဂဟေဆက်သင်တန်းနှင့် အခြေခံအုတ်စီ(ပန်းရံ)သင်တန်းတို့၌ စုစုပေါင်း သင်တန်းသား၊သင်တန်းသူ (၉၇)ဦးတို့အား သင်တန်းဆင်းအောင်လက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။

တင်ထွန်းဦး၊ ဖြိုးဝေလင်း(ပြန်/ဆက်)