ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ပြည်သူ့စစ်မှုထမ်းဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ အခမ်းအနား တက်ရောက်

စစ်တွေ    ဧပြီ  ၅

ပြည်သူ့စစ်မှုထမ်းဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ခိုင်သဇင်ခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ရခိုင်ပြည်နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းက ပြည်သူ့စစ်မှုထမ်းဥပဒေကို နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီလက်ထက် ၂၀၁၀ ပြည့်နှစ်တွင် နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကိုစောင့်ထိန်းရန် တာဝန်ရှိသဖြင့် ယင်းတာဝန်ကို ထမ်းဆောင်နိုင်ရေးအလို့ငှာ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်နိုင်ရန် ဥပဒေကိုပြဋ္ဌာန်ခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းပြဋ္ဌာန်းခဲ့သည့်ဥပဒေကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်စွဲပါ အမိန့်ကြော်ငြာစာဖြင့် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်မှစ၍ အာဏာတည်အမိန့်ကို သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး နေပြည်တော် ကောင်စီအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များကို အဆင့်ဆင့်ဖွဲ့စည်းခဲ့ကာ ဆောင်ရွက်ရမည့်လုပ်ငန်းတာဝန်များကို သတ်မှတ်ပေးခဲ့ကြောင်း၊ ရခိုင်ပြည်နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့မှလည်း ခရိုင်၊ မြို့နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ကို ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပြီး လုပ်ငန်းတာဝန်များကိုလည်း သတ်မှတ်ပေးခဲ့ပြီးဖြစ်ရာ မြို့နယ်ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့အနေဖြင့် စစ်မှုထမ်းဆောင်ရမည့် အရွယ်ရောက်သူ နိုင်ငံသားတိုင်းအား ဆင့်ခေါ်ခြင်း၊ မှတ်ပုံတင်ထားခြင်းတို့ကို ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မှတ်ပုံတင်လက်မှတ်ရရှိထားသူ များအား ဆင့်ခေါ်၍ဆေးစစ်ဆေးခြင်းကို တပ်မတော်ဆေးစစ်ဆေးခြင်း ဘုတ်အဖွဲ့ဖြင့် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ စစ်မှုထမ်းရန်ကာလမှာ ၂၄ လဖြစ်ပြီး တပ်မတော်စစ်မှုလက်မှု ပညာသည်များအဖြစ် ဆင့်ခေါ်ခံရပါက ၃၆ လထက် မပိုသည့်ကာလအပိုင်းအခြားအတွက် စစ်မှုထမ်းရန်ဖြစ်ကြောင်း၊ ယခုအခါ ပြည်သူ့စစ်မှုထမ်းရန်အတွက် သတ်မှတ်ချက်နှင့်ကိုက်ညီသူများမှာ ရပ်ရွာများတွင် အနည်း ငယ်သာရှိနိုင်သည့်အတွက် လူငယ်လူရွယ်များအနေဖြင့် ကောလဟာလသတင်းများကြာင့် စိုးရိမ်ကြောင့်ကြနေရန် မလိုကြောင်း၊ ပြည်သူ့စစ်မှုထမ်းအဖြစ်ဆင့်ခေါ်ရာတွင် သတ်မှတ်ချက်နှင့် ကိုက်ညီသူ အားလုံးကို တစ်ချိန်တည်း၊ တစ်ပြိုင်တည်း ခေါ်ယူမည်အဟုတ်ဘဲ နေရာဒေသအလိုက်၊ မြို့နယ် အလိုက်၊ လူဦးရေပေါ်မူတည်၍ အချိုးအစားအလိုက်ခေါ်ယူသည့်စနစ်ကို ကျင့်သုံးသွားမည် ဖြစ်ကြောင်း၊ သင်တန်းတစ်ပတ်စဉ်တွင် ရပ်ကွက်တစ်ခု၊ ကျေးရွာတစ်ရွာမှအများဆုံးပါဝင်နိုင်မည့် အရေအတွက်မှာတစ်ဦးနှစ်ဦးထက်ပိုနိုင်မည် မဟုတ်ကြောင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေကို စတင် အသက်ဝင်အောင် လုပ်ရခြင်းမှာရေရှည်အားဖြင့် နိုင်ငံတော်ကို ကာကွယ်နိုင်သည့်စွမ်းရည်၊ နိုင်ငံတော် ကိုကာကွယ်နိုင်သည့်စွမ်းအား၊ နိုင်ငံတော်ကိုကာကွယ် နိုင်သည့်ပညာကို နိုင်ငံသားအားလုံး တတ်မြောက်သွားရန် လိုအပ်သည့်အတွက်ဖြစ်ကြောင်းနှင့် နိုင်ငံတော်ကာကွယ်ရေးသည် တပ်မတော် တစ်ခုတည်းတွင်သာ တာဝန်ရှိသည်မဟုတ်ဘဲ နိုင်ငံသားအားလုံးတွင် တာဝန်ရှိကြောင်းပြောကြား သည်။

ဆက်လက်၍ ရခိုင်ပြည်နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ(၂) ပြည်နယ်လုံခြုံ ရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရက ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဆိုင်ရာကိစ္စနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ အဖွဲ့ဝင်၊ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက ပြည်သူ့စစ်မှုထမ်းဥပဒေအား အသိပညာပေးဟောပြောဆွေးနွေးကြသည်။

ယင်းနောက် တက်ရောက်လာကြသော အခမ်းအနားသို့တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ ပြည်နယ်ဥပဒေချုပ်က ပြန်လည်ဆွေးနွေးဖြေကြားကြသည်။

ထို့နောက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးနှင့်ပတ်သက်၍ပြန်လည်ဆွေးနွေးပေးကာ နိဂုံးချုပ်အမှာစကားပြောကြားပြီး အခမ်းအနားသို့ တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့သည်။

ပြည်သူ့စစ်မှုထမ်းဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ အခမ်းအနားသို့ တက်ရောက်လာကြသူများ အား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ ထုတ်ဝေသော ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ သတင်းစကားလက်ကမ်း စာစောင်များကို ဖြန့်ဝေပေးခဲ့ကြကြောင်းသတင်းရရှိသည်။

တင်ထွန်း(ပြန်/ဆက်)