မလှိုင်မြို့နယ်၌ ၁၃၈၅ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်

မလှိုင်  ဧပြီ  ၅

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်တွင် ၁၃၈၅ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်(၁၀)နာရီ အချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဇေယျာအောင်သံ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ် ခဲ့ ကြောင်း သိရသည်။

ရှေးဦးစွာ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကျင်းပရေးဦးစီးကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က အဖွင့်အမှာစကားပြောကြားရာတွင် ယခုနှစ် မဟာသင်္ကြန် ပွဲတော်ကို ပြည်သူများနှင့်အတူ ယမန်နှစ်ကထက် ပိုမိုစည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ခေါ်ယူဆွေးနွေးရခြင်းဖြစ်ကြောင်း၊ သက်ဆိုင်ရာအလိုက် ဆပ်ကော်မတီများကိုလည်း ဖွဲ့စည်းပေးသွားမှာဖြစ်ပြီး ကော်မတီ အသီးသီးတွင်ပါဝင်သော ဌာနဆိုင်ရာအကြီးအကဲများအနေဖြင့် စီမံချက်ပါလုပ်ငန်းတာဝန်များ အတိုင်း ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် လိုအပ်ပါကြောင်း ၊ ဗဟိုမဏ္ဍပ်ကို စက်မှု(၁)လမ်းပေါ်ရှိ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးရှေ့ မျက်နှာစာ၌  (အလျား ၃၀ပေ × အနံ ၂၅ ပေ × အမြင့် ၆ပေ )ရှိ Streel Structure ဖြင့် ကျေးလက်လမ်းဦးစီးဌာနမှ ကြီးကြပ် ဆောင်ရွက်သွား ရန်၊ ပြည်သူများရေကစားနိုင်ရေးအတွက် ရေစုကန်(၂)ကို မြို့နယ်လမ်းဦးစီးဌာနမှ တာဝန်ယူဆောက်လုပ် ပေးရန် မှာကြားခဲ့ပါသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးဝေဖြိုးက ပြည်သူများနှင့်အတူ သင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်၍  စနစ်တကျ စည်းကမ်းတကျ ဖြစ်စေလို ကြောင်း၊ ဌာနဆိုင်ရာများမှ ပူးပေါင်းပါဝင်ပေးစေလိုကြောင်း မှာကြားခဲ့ပါသည်။ ဆက်လက်၍  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်၊ အဖွဲ့ဝင်(၃)၊ မြို့နယ်လ.ဝ.က ဦးစီးမှူး ဦးသိန်းဟန်နှင့် အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းဇော်တို့က လိုအပ်သည်များကို ဖြည့်စွက်အကြံပြု ဆွေးနွေးကာ တက်ရောက်လာသည့် ဌာနဆိုင်ရာအကြီးအကဲများနှင့် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးဆုံးဖြတ်ချက်အရ မလှိုင်မြို့နယ်တွင် ဗဟိုရေကစားမဏ္ဍပ်ကို (၇.၄.၂၀၂၄)ရက်နေ့တွင် စတင်ဆောက်လုပ်သွားမည်ဖြစ်ပြီး သင်္ကြန်အကြိုနေ့ ညနေပိုင်းမှစ၍ သင်္ကြန်အတက် နေ့ညနေပိုင်းအထိ ယိမ်းအကအလှ(၁၀)ဖွဲ့၊ ဖျော်ဖြေရေး တေးဂီတအဖွဲ့များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။ ထို့အပြင် သင်္ကြန်အကြိုနေ့ ညနေပိုင်းမှစတင်၍ နေ့စဉ် စတုဒီသာ အကျွေးအမွေးများ ဖြင့်လည်း တည်ခင်းဧည့်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ဌေး (မလှိုင်)