မတ္တရာ ဧပြီ ၅
မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်တွင် အစိုးရပါဠိပထမပြန် စာမေးပွဲ၌ အဘိဓမ္မတ္ထ သင်္ဂဟဘာသာရပ် ဖြေဆိုခြင်းကို ဧပြီလ ၅ ရက်နေ့ နေ့လယ် ၁၂ နာရီက အမှတ်(၁)ရပ်ကွက် အောင်မြေသုခကျောင်းတိုက် စာဖြေဌာနတွင် ဆက်လက်ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ပါဠိပထမပြန်စာမေးပွဲတွင် ပထမကြီးတန်း၌ ရှင်+ရဟန်း (၃၆)ပါး၊ ပထမလတ်တန်း၌ ရှင်+ရဟန်း(၄၂)ပါး၊ ပထမငယ်တန်း၌ ရှင်+ရဟန်း (၅၁)ပါး၊ အခြေပြုမူလတန်း၌ ရှင်(၆၈)ပါး၊ သီလရှင်(၆)ပါး စုစုပေါင်း(၂၀၃)ပါး ဖြေဆိုမှု(၈၄ဒသမ၂၃)ရာခိုင်နှုန်း ဝင်ရောက် ဖြေဆိုခဲ့ပြီး (၃၈)ပါး ဖြေဆိုရန် ပျက်ကွက်ခဲ့သည်။ စာဖြေသံဃာတော်များ အဆင်ပြေချောမွေ့စွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရသိန်းနှင့် အဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများမှ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ ပါဠိပထမပြန်စာမေးပွဲအား ဧပြီလ(၃)ရက်နေ့မှ ဧပြီလ(၉)ရက်နေ့ထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။
စိုးကျော်သူထွေး(မတ္တရာ)