မိုင်းယု နိုဝင်ဘာ ၆
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ နယ်စပ်ဒေသ မိုင်းယုမြို့၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် မဲရုံပြင်ဆင် ဆောက်လုပ်နေမှု အခြေအနေများအား ယမန်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
အဆိုပါ မဲရုံတည်ဆောက်နေမှုအခြေအနေများကို မိုင်းယုမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ပြည့်ဖြိုးနှင့် တာဝန်ရှိသူများက မိုင်းယုဒေသအတွင်းရှိ မြို့မရပ်ကွက်တွင် မဲရုံ(၁)ရုံ၊ ဝမ်တာကြန့်ကျေးရွာတွင် မဲရုံ(၃)ရုံ၊ မိုင်းလွေကျေးရွာတွင် မဲရုံ(၂)ရုံနှင့် ဒွန်းနွဲ့ကျေးရွာတွင် မဲရုံ(၁)ရုံ စုစုပေါင်း မဲရုံပေါင်း(၇)ရုံတို့အတွက် သတ်မှတ်ထားနေရာများ၌ အဆင်ပြေစွာ ပြင်ဆင်ဆောက်လုပ်နေမှုနှင့် မဲပေးစဉ်အချိန်၌မဲရုံနှင့် သက်ဆိုင်ရာ မဲရုံတာဝန်ကျ အဖွဲ့ဝင်များ၊ မဲဆန္ဒရှင်ပြည်သူများအား လုံခြုံရေးစိတ်ချစွာ ကျင်းပနိုင်ရန် မဲရုံလုံခြုံရေးတာဝန် စီမံချထားနိုင်ရေးတို့ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
မိုင်းယောင်းမြို့နယ်နှင့် မိုင်းယုမြို့တွင် ပြည်သူ့လွှတ်တော်နေရာအတွက် ကိုယ်စားလှယ် လောင်း(၅)ဦး၊ မဲဆန္ဒနယ်အမှတ်(၁)မှ ရှမ်းပြည်နယ်လွှတ်တော်နေရာအတွက် ကိုယ်စားလှယ်လောင်း(၆)ဦး၊ မဲဆန္ဒနယ်အမှတ်(၂)မှ ရှမ်းပြည်နယ်လွှတ်တော်နေရာအတွက် ကိုယ်စားလှယ်လောင်း(၅)ဦးနှင့် မဲဆန္ဒနယ်အမှတ်(၃)မှ အမျိုးသားလွှတ်တော်နေရာအတွက် ကိုယ်စားလှယ်လောင်း(၇)ဦး တို့က ကိုယ်စားပြုပါတီအသီးသီးမှ ဝင်ရောက်ယှဉ်ပြိုင် အရွေးချယ်ခံကြမည်ဖြစ်ပြီး မိုင်းယောင်းမြို့နယ်နှင့် မိုင်းယုမြို့တွင် မဲရုံစုစုပေါင်း ၆၈ ရုံဖြင့် ကျင်းပမည်ဖြစ်ရာ အသက်(၁၈)နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ဦးရေ ၂၇၁၉၁ ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
ကိုကိုနိုင်(ပြန်/ဆက်)