ဂွ ဧပြီ ၅
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် ၁၃၈၅(၂၀၂၄)ခုနှစ် အစိုးရပါဠိပထမပြန် စာမေးပွဲ(ကြီး၊ လတ်၊ ငယ်၊ မူ)တန်းများကို ရတနာသိဒ္ဓိသာသနာ့ဗိမာန်တော်ကြီးတွင် ယနေ့မွန်းတည့်(၁၂)နာရီတွင် တတိယနေ့အဖြစ် ကျင်းပဆောင်ရွက်လျက်ရှိသည်။
အဆိုပါ အစိုးရပါဠိပထမပြန်စာမေးပွဲတွင် မြို့နယ်အတွင်းရှိ ပထမကြီးတန်း၊ ပထမလတ်တန်း၊ ပထမငယ်တန်းနှင့် အစိုးရမူလတန်းမှ ဖြေဆိုရန်စာရင်းရှိ သံဃာတော် ၂၅ ပါးအနက် ဝင်ရောက်ဖြေဆိုသံဃာ၁၆ပါး၊ ပျက်ကွက် ၉ ပါးတို့ရှိပြီး ဖြေဆိုသံဃာများက အဘိဓမ္မတ္ထသင်္ဂဟဘာသာရပ်အား တတိယနေ့အဖြစ် ဝင်ရောက်ဖြေဆိုလျက်ရှိကြသည်။
ထိုသို့အစိုးရပါဠိပထမပြန်စာမေးပွဲကျင်းပနေစဥ်တွင် မြို့နယ်သံဃာ့နာယက ဥက္ကဋ္ဌဆရာတော်နှင့် ဆရာတော်ကြီးများက ကြီးကြပ်တော်မူခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများက ကြီးကြပ်ဆရာတော်ကြီးများ၊ စာဖြေသံဃာတော်များအား အချိုရည်နှင့် ရေသန့်ဘူးများ ဆက်ကပ် လှူဒါန်းပေးခဲ့ကြောင်း သတင်းရရှိသည်။
ရွှေရည်ဝင်းကျော်