ပုသိမ်ကြီး ဧပြီ ၅
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အပူပိုင်းဒေသ စိမ်းလန်းစိုပြေရေး ဦးစီးဌာန (ရုံးချုပ်) တည်ရှိရာ ပုသိမ်ကြီးမြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးမှူး ဦးမင်းသန့် ဦးဆောင်၍ တပ်ဖွဲ့ဝင်များသည် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများ မီးဘေးအန္တရာယ် ကျရောက်မှုမရှိစေရန် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉ နာရီက အဆိုပါရုံးချုပ်ရှိ စန္ဒကူးခန်းမ၌ မီးဘေးအန္တရာယ် အသိပညာပေးဟောပြောသရုပ်ပြပွဲ ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ အပူပိုင်းဒေသ စိမ်းလန်းစိုပြေရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဘကောင်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်မီးသတ်ဦးစီးမှူး ဦးမင်းသန့်က မီးဘေးကြိုတင် ကာကွယ်ရေးအသိပညာပေး ဟောပြောရာတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ပစ္စည်းများဖြစ်သည့် မီးသတ်ဆေးဘူး၊ မီးချိတ်မီးခပ်၊ ရေသိုလှောင်ကန်အကြောင်းများ၊ မီးလောင်မှုဖြစ်စဉ်များနှင့် မီးလောင်ကျွမ်းမှုအမျိုးအစားများ၊ လျှပ်စစ်မီးအန္တရာယ်၊ မီးငြှိမ်းသတ်ရေး နည်းလမ်းများနှင့် မီးသတ်ပစ္စည်းများ အသုံးပြုပုံတို့ကိုဟောပြောခဲ့ပြီး ရုံးဝန်ထမ်းများအား လက်တွေ့မီးငြှိမ်းသတ်မှုများကို ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ အသိပညာဟောပြော သရုပ်ပြပွဲတွင် အပူပိုင်းဒေသ စိမ်းလန်းစိုပြေရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် အရာရှိ၊ အရာထမ်း၊ စာရေးဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များ၊ ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)