အောင်မြေသာစံမြို့နယ်တွင် ပြည်တွင်းရှိ မဲဆန္ဒနယ်ပြင်ပရောက် မဲဆန္ဒရှင်များ၏ ကြိုတင်ဆန္ဒမဲများအား  ချိပ်ပိတ်ထား‌သော ကြိုတင်ဆန္ဒမဲပုံးများအတွင်း ထည့်သွင်း

မန္တလေး၊ နိုဝင်ဘာ ၆

မန္တလေး၊ အောင်မြေသာစံမြို့နယ်တွင် ပြည်တွင်းရှိ မဲဆန္ဒနယ်ပြင်ပရောက် မဲဆန္ဒရှင်များ၏ ကြိုတင်ဆန္ဒမဲများအား  ချိပ်ပိတ်ထား‌သော ကြိုတင်ဆန္ဒမဲပုံးများအတွင်း ထည့်သွင်းခြင်းကို ယမန်နေ့က အောင်မြေသာစံမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးအဖြစ် ယာယီဖွင့်လှစ်ထားသော ပြည်ကြီးရန်လုံရပ်ကွက်၊ အကွက် (၆၂)၊ ၁၆ လမ်းနှင့် ၈၆ လမ်း ထောင့်ရှိ အ‌မြောက်တန်းသစ်လွင်ဓမ္မာရုံတွင် ပြုလုပ်သည်။

အောင်မြေသာစံမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ကြိုတင်ဆန္ဒမဲလက်မှတ်များကို ပြည်တွင်းရှိ မဲဆန္ဒနယ်ပြင်ပရောက်မဲဆန္ဒရှင်များ၊တပ်မတော်သားများနှင့်အတူနေအိမ်ထောင်စုဝင်များ၊ နိုင်ငံပြင်ပ ရောက် မဲဆန္ဒရှင်များအား ပေးပို့ထားပြီးဖြစ်ရာ ၎င်းတို့အနက်မှ ပြည်တွင်းရှိ မဲဆန္ဒနယ်ပြင်ပရောက် သက်ဆိုင်ရာ သင်တန်း၊ ကျောင်း၊ ဆေးရုံ၊ အချုပ်ခန်းတို့မှ ဆန္ဒမဲပေးပြီး ပြန်လည်ပေးပို့လာသည့် ကြိုတင်ဆန္ဒမဲ လက်မှတ်များကို ကြိုတင်ဆန္ဒမဲပုံးအတွင်း ထည့်သွင်းကြခြင်းဖြစ်သည်။

ကြိုတင်ဆန္ဒမဲလက်မှတ်များထည့်သွင်းရာတွင်အောင်မြေသာစံမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဒေါက်တာကိုကိုကြီး၊ အတွင်းရေးမှူး ဒေါ်နှင်းနှင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲ ဆိုင်ရာစေ့စပ်ညှိနှိုင်းရေးကော်မတီဝင်များက ကိုယ်တိုင်ပါဝင် ထည့်သွင်းပေးခဲ့ကြသည်။

အောင်မြေသာစံမြို့နယ်တွင် ကြိုတင်ဆန္ဒမဲပေးကြမည့် မဲဆန္ဒရှင်များမှာ ပြည်တွင်းရှိ မဲဆန္ဒနယ် ပြင်ပရောက် သက်ဆိုင်ရာ သင်တန်း၊ ကျောင်း၊ ဆေးရုံ၊ အချုပ်ခန်းတို့မှ မဲဆန္ဒရှင်(၂၀၅)ဦး၊ ပြည်တွင်းရှိ သက်ဆိုင်ရာ မဲဆန္ဒနယ်ပြင်ပရောက် တပ်မတော်သားများနှင့် အတူနေအိမ်ထောင်စုဝင်များ(၇၀၆)ဦး၊ ရှမ်းတိုင်းရင်းသား(၄)ဦး၊ နိုင်ငံပြင်ပရောက် မဲဆန္ဒရှင် (၄၀၀)ဦးတို့ရှိကြောင်းကိုမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

ဇော်လင်းဦး(အောင်စံ)