ညောင်ဦးမြို့နယ်၌ ၂ဝ၂၄ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကျင်းပရန် ဗဟိုမဏ္ဍပ်နှင့်လမ်းလျှောက်သင်္ကြန် ကျင်းပမည့်နေရာများအား ညောင်ဦးခရိုင်/မြို့နယ် တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေး

ညောင်ဦး ဧပြီ ၇

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ၂ဝ၂၄ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး ဗဟိုမဏ္ဍပ်ဆောက်လုပ်နေမှုနှင့် လမ်းလျှောက်သင်္ကြန်ပြုလုပ်မည့်နေရာတို့ကို ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဝင်းနှင့် ခရိုင်စီမံအဖွဲ့ဝင်များ၊ ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်၊ စီမံအဖွဲ့ဝင်ဦးဆန်းထွန်းဦးနှင့် သက်ဆိုင်ရာဌာနဆိုင်ရာများ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ညောင်ဦးမြို့ အမှတ်(၅)ရပ်ကွက်၊ ဗိုလ်ချုပ်ပန်းခြံရှေ့တွင် ဗဟိုမဏ္ဍပ်ဆောက်လုပ်နေပြီး လမ်းလျှောက်သင်္ကြန်သည် ဗဟိုမဏ္ဍပ်နှင့် မျက်နှာချင်းဆိုင်နေရာဖြစ်ပြီး တမာပင်တန်းကြီးများအောက်တွင် ပုဂံထီး၊ ပုသိမ်ထီးများနှင့် အလှဆင်ကာ လမ်းလျှောက်သင်္ကြန်ကို အလှဆင်ကျင်းပသွားမှာဖြစ်ကြောင်း သိရသည်။ ယခုနှစ်တွင် သင်္ကြန်ယိမ်းအကပြိုင်ပွဲ ထည့်သွင်းကျင်းပခြင်းမရှိပေမယ့် နေ့စဉ်ရပ်ကွက်များ၊ ကျေးရွာအုပ်စုများအလိုက် ယိမ်းအကအဖွဲ့များလည်း ကပြဖျော်ဖြေသွားမှာဖြစ်သလို တေးသီချင်းများနှင့် သီဆိုဖျော်ဖြေခြင်း အစီအစဉ်များလည်း ပါဝင်ပါသည်။ ဧည်ခံဖျော်ဖြေမည့် သင်္ကြန်ယိမ်းအကအဖွဲ့များကို ဂုဏ်ပြုဆုများချီးမြှင့်သွားမှာဖြစ်ပြီး သင်္ကြန်ပွဲတော်ရက်ကာလအတွင်း စတုဒိတာကျွေးမွေးဧည့်ခံခြင်းများလည်း နေ့စဉ်ကျွေးမွေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဒီပါလင်း