မုဒုံမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းများ ဆောင်ရွက်

မုဒုံ  ဧပြီ   ၇

မွန်ပြည်နယ်၊ မုဒုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/သူ လူငယ်လူရွယ်များ အသိပညာဗဟုသုတများပြည့်စုံစေပြီး ဗလငါးတန်ဖွံ့ဖြိုးတိုးတတ်စေရန်အတွက် စာဖတ်ရှိန်မြှင့်တင်ရေးနှင့် နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ပေးခြင်း၊ အသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့က ဝက်တဲကျေးရွာရှိ ရွှေကျောင်းဓမ္မာရုံ၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မိုးမိုးစန္ဒာထွန်းက ကျောင်းသား/သူ လူငယ်လူရွယ်များ မိမိဘဝတိုးတက်မှုရရှိလာအောင် စာများများဖတ်ကြပါရန်၊ အရွယ်မရောက်သေးသည့် ကလေးငယ်များအား မတရားအလုပ်စေခိုင်းမှုမှ ကာကွယ်ရန်၊ မူးယစ်ဆေးဝါး၏ ဆိုးကျိုးများ၊ လူကုန်ကူးမှုအန္တရာယ် စသည့်အကြောင်းအရာများကို အသိပညာပေး ပြောကြားခဲ့သည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများ ဖတ်ရှုလေ့လာနိုင်ရန် ရုပ်ပြပုံပြင်များ၊ စာစောင်များစသည့် ကလေးများအသိပညာတိုးပွားရေး စာအုပ်စာပေများ၊ စာဖတ်ရှိန်မြှင့်တင်ရေးတို့နှင့်ပတ်သက်သည့် ဆောင်းပါး၊ ကဗျာ၊ ကာတွန်း သိမှတ်ဖွယ်ရာများပါဝင်သည့် အသိပညာပေးနံရံကပ်စာစောင်ပိုစတာများကို  ခင်းကျင်းပြသခဲ့ရာ ကျောင်းသား/သူများက စိတ်ပါ၀င်စားစွာ ကြည့်ရှုလေ့လာခဲ့‌ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)