ညောင်ဦးမြို့နယ် ငရုပ်စိုက်တောင်သူများ ငရုပ်သီးခြောက်ထုတ်ရောင်းချိန် တစ်ပိဿာ ၆၅၀၀ ကျပ်ဖြင့် ရောင်းချနေရ

ညောင်ဦး  ဧပြီ  ၇

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ငရုပ်သီးစိုက်ပျိုးတောင်သူများ ငရုပ်သီးအခြောက်ပြန်လည်ရောင်းချချိန် တစ်ပိဿာ ၆၅၀၀ ကျပ်ရောင်းချနေရပြီး ငရုပ်သီးခြောက်လှောင်ပွဲစားများ တွက်ခြေကိုက်နေကြကြောင်း သိရသည်။

ညောင်ဦးမြို့နယ်တွင် ငရုပ်သီးဈေးကွက် ကောင်းမွန်လာခြင်းကြောင့် ငရုပ်စိုက်တောင်သူများပြားလာခဲ့ပြီး ငရုပ်သီးစိမ်းပေါ်ချိန်က ငရုပ်သီးအစိုတစ်ပိဿာ ၁၂၀၀ ကျပ်မှ ၁၅၀၀ ကျပ် ရောင်းချခဲ့ရရာ ငရုပ်စိုက်တောင်သူများ တွက်ခြေကိုက်ခဲ့ကြောင်း ငရုပ်စိုက်တောင်သူ ဦးဝင်းတင်က ပြောကြားသည်။ ငရုပ်သီးများ လှိုင်လှိုင်ရင့်မှည့်ပေါ်ချိန် ငရုပ်သီးမှည့်များ အခြောက်လှန်းကာ ဈေးကောင်းချိန်ဖြစ်သည့် မတ်လကုန် ဧပြီလတွင် ပြန်လည်ထုတ်ရောင်းကြကြောင်း၊ ငရုပ်သီးမှည့်ခြောက် တစ်ပိဿာ ၆၅၀၀ ကျပ်မှ ၇၀၀၀ ကျပ်ထိရောင်းချရခြင်းကြောင့် ငရုပ်စိုက်တောင်သူများနှင့် ငရုပ်သီးခြောက်လှောင်ပွဲစားများ တွက်ခြေကိုက်သည့်နှစ်ဖြစ်ကြောင်း သူကောင်းတည်ကျေးရွာ ငရုပ်သီးခြောက်ပွဲစား ဦးမောင်နိုင်က ရှင်းပြခဲ့သည်။ ငရုပ်သီးစိုက်ပျိုးခြင်းအား မြေအောက်ရေ တူးဖော်ရေသွင်းစိုက်ပျိုးခြင်း၊ မြစ်ရေပေးချိန်တွင် မြစ်ရေဖြင့် စိုက်ပျိုးခြင်းများရှိပြီး စိုက်ပျိုးသည့်မျိုးမှာ အိန္ဒိယပလပ်စ်၊ အိန္ဒိယမိုးထောင်သီများ စိုက်ပျိုးကြောင်းသိရကာ ငရုပ်သီးရင့်မှည့်ဆွတ်ခူးချိန် သဘာဝအတိုင်းနေဖြင့် အခြောက်လှန်းခြင်း၊ ငရုပ်သီးအား ရေအနည်းငယ် မိုးဗြဲဒယ်ထဲထည့်ပြုပ်ကာ ဆယ်ယူနေလှန်းခြင်းနှစ်မျိုးဖြင့် အခြောက်လှန်းပြီး လှောင်ထားကြသည်။ ငရုပ်သီးအစိုတစ်ပိဿာလှန်းလျှင် အခြောက်ထွက်လာပါက နှစ်ဆယ့်ငါးကျပ်သားသာ ထွက်ရှိခြင်းကြောင့် အစိုတုန်းကရောင်းချိန် တစ်ပိဿာ  ၁၂၀၀ ကျပ်မှ ၁၅၀၀ ကျပ်ရောင်းချခဲ့ရပြီး ငရုပ်သီးခြောက်ရောင်းချိန် တစ်ပိဿာ ၆၅၀၀ ကျပ်မှ ၇၀၀၀ ကျပ်ထိ ရောင်းချရခြင်းကြောင့် ငရုပ်သီးခြောက်လှောင်သူများ အမြတ်များသည့် နှစ်ဖြစ်ကြောင်း သိရသည်။

ဒီပါလင်း