ကျိုင်းတုံ ဧပြီ ၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်း ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးအတွက် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ပြည်နယ်အဆင့် နည်းပြသင်တန်းကို ဧပြီ ၃ ရက်မှ ၅ ရက်အထိ ကျိုင်းတုံတက္ကသိုလ်၊ ခေမရဌ်ခန်းမ၌ ဖွင့်လှစ်သည်။
သင်တန်းဖွင့်ပွဲတွင် ကျိုင်းတုံတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာစမ်းစမ်းမာနှင့် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့) အဖွဲ့ဝင်(၄) ဦးအောင်မြတ်သာတို့က အမှာစကားပြောကြားပြီး ပြည်နယ်ပညာရေးမှူးရုံးခွဲ(ကျိုင်းတုံ)မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်အောင်ချိုက သင်တန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းနှင့်ပတ်သက်သည့် “မနီပြုံးနိုင်ပြီ”ပညာပေး ဗွီဒီယိုကလစ်ပြသရာ တာဝန်ရှိသူများနှင့် သင်တန်းသား၊ သင်တန်းသူများက ကြည့်ရှုအားပေးကြသည်။
သင်တန်းသို့ ရှမ်းပြည်နယ်(အရှေ့ပိုင်း)မှ သင်တန်းသား ဆရာ၊ ဆရာမ ၂၂၆ ဦး တက်ရောက်ပြီး ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်း တိုင်းရင်းသားပြည်သူများ လူမှုဘဝမြင့်မားရေးအတွက် အခြေခံစာတတ်မြောက်ရန်နှင့် တာဝန်သိနိုင်ငံသားကောင်းဆိုင်ရာ အခြေခံအသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)