တံတားဦး ဧပြီ ၇
တံတားဦးခရိုင်၊ တံတားဦးမြို့နယ် ဇီးပင်ကွေ့ကျေးရွာတွင် မေမြို့ပန်းများ လှိုင်လှိုင်ထွက်ရှိကာ ပန်းများဈေးကောင်းရရှိ၍ စီးပွားဖြစ်ပန်းစိုက်တောင်သူများ မိသားစုဝင်ငွေများ တိုးပွားလျက်ရှိကြောင်း သိရသည်။
ဇီးပင်ကွေ့ကျေးရွာမှ စားဖိုဆောင်သီးနှံများအပြင် မေမြို့ပန်းများ၊ အောင်သပြေပန်းများကိုပါ စမ်းသပ်စိုက်ပျိုးလာကြရာ ယခုအချိန်တွင် ပန်းများ လှိုင်လှိုင်ထွက်ရှိနေပြီဖြစ်ကြောင်းလည်း သိရသည်။
မေမြို့ပန်းများကို ယခုနှစ်ဆောင်းရာသီကာလတွင် စိုက်ပျိုးထားသောပန်းများသည် မြေပွ၍ သဲနုန်းဆန်သည့် မြေဆီလွှာကိုပို၍နှစ်သက်ပြီး အထွက်နှုန်းလည်းကောင်းမွန်သဖြင့် မေမြို့ပန်းများကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးသူများပြားလာကာ ပန်းဈေးကွက်မှာလည်း ယခင်နှစ်ထက် ပိုမိုအောင်မြင်ဖြစ်ထွန်းပြီး ပန်းစည်းလက်ဆုပ်တစ်စည်းလျှင် ဆယ်ပွင့်ပါရှိပြီး တစ်စည်းကို ငွေကျပ်(၂၅၀၀)ထိ ဈေးကောင်းရရှိနေ၍ ပန်းစိုက်တောင်သူများ မိသားစုအဆင်ပြေကာ အပိုဝင်ငွေများလည်းရရှိကြောင်း မေမြို့ပန်းစိုက်တောင်သူ ဦးဆန်းမင်းအောင်ထံမှ သိရသည် ။
ယခုအချိန် နေအလွန်ပူပြင်းလွန်းသဖြင့် အဖူး၊ အပွင်းကလေးများ နေမလောင်ရအောင် အထူးဂရုပြုနေရပါကြောင်း၊ နေအပူရှိန်ပြင်းချိန်မှာ ရေမလောင်းရဘဲ ညနေခင်း နေအေးချိန် အပူရှိန်ကျမှသာ ရေလောင်းပေးခြင်း၊ ပေါင်းရှင်းပေးခြင်း၊ ပိုးကောင်လေးများ ဖယ်ရှားရှင်းလင်းပေးခြင်း၊ ဆေးဖျန်းပေးခြင်းများကို ဆောင်ရွက်ပေးရပါကြောင်း၊ မေမြို့ပန်းများကို ဖောက်သည်များမှ စိုက်ခင်းနေရာအထိ လာရောက်ဝယ်ယူပါကြောင်းနှင့် ပိုလျှံသော ပန်းစည်းများကို တံတားဦးမြို့မဈေးအပြင် အခြားသော မြို့ကြီးများသို့လည်း တင်ပို့ရောင်းချရကြောင်းလည်း သိရသည်။
ရဲတင့်(ပြန်/ဆက်)