ညောင်ဦးမြို့နယ်တွင် တန်ခူးလအတာသင်္ကြန်အိုးများ ရောင်းအားကောင်းနေ

ညောင်ဦး ဧပြီ ၇

မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ကာလအကြို ငါ့သရောက်မြို့ တောင်ကုန်းကျေးရွာထွက် အတာသင်္ကြန်အိုးများ ရောင်းအားကောင်းနေကြကြောင်း တောင်ကုန်းကျေးရွာ အတာသင်္ကြန်အိုးပြုလုပ်ရောင်းချနေသည့် ဦးနေလင်းထံက သိရသည်။

မြန်မာ့ရိုးရာ မဟာသင်္ကြန်နှင့်အတူယှဉ်တွဲသိထားသည့် ပိတောက်ပန်းများ၊ ရွှေပုပ္ပားက စကားဝါပန်းများနှင့်အတူ သင်္ကြန်အတာအိုးများထဲတွင် ပန်းများထိုးကာ မြန်မာ့ရိုးရာမဟာသင်္ကြန်အား ကြိုဆိုကြပြီး မြန်မာ့ရိုးရာအတာသင်္ကြန်အိုးများကို ထန်းဆွဲမြူ အိုးတဝက်လောက်သာပြုလုပ်ကြပြီး ဖေဖော်ဝါရီလမှစတင်ပြုလုပ်ရောင်းချကြပြီး ဧပြီလပထမပတ်ထိ ပြုလုပ်ရောင်းချကြကြောင်း ဦးနေလင်းကရှင်းပြသည်။ မြန်မာ့ရိုးရာအတာသင်္ကြန်အိုးများကို အိမ်တိုင်းဝယ်ယူကြလေ့ရှိကာ သင်္ကြန်မရောက်ခင် တစ်ရက်အလိုမှစပြီး ကြိုတင်ကာရေသန့်စင်ပြီး ရာသီပေါ်ပန်းများထိုးကာ မြန်မာ့ရိုးရာမဟာသင်္ကြန်အား ကြိုဆိုလေ့ရှိကြောင်း၊ အတာအိုးထဲတွင်မပါမရှိထည့်သည့် မြေစာမြက်၊ တမာ၊ အောင်သပြေပန်း၊ အုန်း၊ ခံပန်း၊ မေမြို့ပန်းတို့ဖြစ်ပြီး အခြားအဆင်ပြေရာပန်းများကိုရော ထိုးထားကြကြောင်း ညောင်ဦးမြို့ အမှတ်(၁)ရပ်နေ ဦးသိန်တိုးကရှင်းပြသည်။

မြန်မာ့ရိုးရာမဟာသင်္ကြန်ကာလတွင် အကြတ်အတက်နေ့နှင့်နှစ်ဆန်းတစ်ရက်နေ့တို့တွင် မြန်မာပြည်အရပ်ရပ်ရှိ မြို့ပြ၊ ကျေးလက်တို့တွင် အိမ်တိုင်း၊ လမ်းတိုင်းတွင် အန္တရာယ်ကင်းအဖြစ် ပရိတ်တရားတော်၊ ပဌာန်းတရားတော်များကို ဆရာတော်/ သံဃာတော်များက ရွတ်ဖတ်သရဇ္ဇျာယ်ကြပြီး ပရိတ်အိုး၊ ပရိတ်တောင်းများထဲတွင် အပ်ချည်၊ သန့်စင်ပြီး သဲ၊ ရေ၊ ကျောက်စရစ်ခဲဖြူများ၊ ပရိတ်ပန်းများအား မိမိတို့၏ မြို့ရွာ၊ အိမ်တိုင်းခြံစည်းရိုးပတ်လည်ကို အန္တရာယ်ကင်းပရိတ်သဲများပက်ကြဲ၍ နှစ်သစ်မှာအန္တရာယ်အသွယ်သွယ်ကင်းပါစေကြောင်း၊ ကမ္ဘာသူကမ္ဘာသားများ အေးချမ်းပါစေကြောင်း ဆုတောင်းဖြန်းပက် ကြကြောင်းသိရကာ မကြာမီရောက်ရှိလာတော့မည့် မြန်မာ့ရိုးရာမဟာသင်္ကြန်အတွက် အတာသင်္ကြန်အိုးများကို တစ်လုံးငါးရာကျပ်ဖြင့် ရောင်းအားကောင်းနေကြောင်း ငါ့သရောက်မြို့ တောင်ကုန်းကျေးရွာ အတာသင်္ကြန်အိုး ပြုလုပ်ရောင်းချနေသူများထံကသိရသည်။

ဒီပါလင်း