မုဒုံမြို့နယ်တွင် ဆည်ရေသောက်စနစ်ဖြင့် နွေစပါး (၁၃၇၆)ဧက စိုက်ပျိုးပြီးစီး

မုဒုံ  ဧပြီ  ၇

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် နွေစပါးစိုက်ပျိုးရာသီ၌ ချောင်းပိတ်၊ မြောင်းပိတ်နှင့် အဇင်းဆည်၊ ဝင်းဖနုံဆည်ရေများဖြင့် နွေးစပါစိုက်ဧက ( ၆၃၈ ) ဧက စိုက်ပျိုးရန်လျာထားပြီး ( ၁၃၇၆ )ဧက စိုက်ပျိုးပြီးစီးပြီးဖြစ်၍ လျာထားဧကထက် (၇၃၈) ဧကကို တောင်သူများ၏ ကြိုးပမ်းအားထုတ်မှုဖြင့် ကျော်လွန်စိုက်ပျိုးနိုင်ခဲ့ရာ စပါးသီးနှံများ အောင်မြင်ဖြစ်ထွန်းလျက် ရှိသည်။

မုဒုံမြို့နယ်တွင် ဘက်စုံအဆင့်မြင့်နည်းပညာသုံးစံပြကွက် ဧက ( ၃၀၀ ) တောင်သူပညာပေး စိုက်ကွက်များဆောင်ရွက်ထားသလို ဗဟိုမျိုးသန့်ခြံမှ ထွက်ရှိလာသည့် မျိုးကောင်းမျိုးသန့်များကို ဧက(၁၀၀) တင်း (၁၂၀)ထွက်ရှိမည့် ပန်းတိုင်အထွက်နှုန်းရည်မှန်းပြီး စိုက်ပျိုးဆောင်ရွက်ရာတွင်လည်း မျိုးများအား စနစ်တကျ ဘောင်ပျိုးစနစ်ဖြင့် ပျိုးထောင်ပြီးမှ ခြောက်တန်းတစ်တန်း ချက်ချင်းနှုတ် ချက်ချင်းစိုက်စနစ်များဖြင့် တောင်သူများနှင့်ပူးပေါင်း၍ ဆင်းသုခ (၈၀၉)ဧက၊ နှံကောက် (၄၄၂)ဧက၊ DW-11 (၁၂၅)ဧက တို့ကို စိုက်ပျိုးဆောင်ရွက် ခဲ့သည်။

မုဒုံမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် အဆင့်မြင့်နည်းပညာသုံး စံပြစိုက်ခင်းတွင်လည်း မျိုးသန့်စပါးများကိုသာ ဖြန့်ဖြူးပေးထားပြီး စိုက်ပျိုးခဲ့ပါကြောင်း၊ မြေ၊ မျိုး၊ ပိုးတာဝန်ခံများနှင့် ဝန်ထမ်းများက စိုက်ခင်းများအရောက်ကွင်းဆင်းပြီး တောင်သူများနှင့်ပူးပေါင်း၍ စိုက်ခင်းများအောင်မြင်ရေးအတွက် ဒေသနှင့်ကိုက်ညီသည့် မျိုးကောင်း၊ မျိုးသန့်စပါးများ ရွေးချယ်စိုက်ပျိုးခြင်း၊ မျိုးသန့်စံပြကွင်းတွင် မျိုးကွဲ ပယ်ခြင်း၊ သွင်းအားစုများကြဲပက်ခြင်း၊ ပိုးမွှားရောဂါကင်းထောက်စနစ်၊ ကြိုတင်ကာကွယ်ရေးနည်းစနစ်နှင့် တောင်သူပညာပေးလုပ်ငန်းများကို စဥ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့ အနေဖြင့်လည်း ဓာတ်မြေသြဇာများကို ပံ့ပိုးမှုလုပ်ငန်းများနှင့် လက်ရှိအချိန်တွင် စပါးစျေးများ ကောင်းမွန်လာမှုတို့ကြောင့် နွေစပါးများကို ပိုမိုစိုက်ပျိုးမှုများလာကြောင်း မြို့နယ်ဦးစီးမှူး ဦးငြိမ်းချမ်းကျော်ထံမှ သိရသည်။

မုဒုံမြို့နယ်အနေဖြင့် ရေခံမြေခံအခြေအနေကောင်းမွန်၍ စိုက်ပျိုးရေးကဏ္ဍတွင် ပိုမိုအဆင်ပြေပြီး လယ်ယာကုန်ထုတ်လမ်း၊ တံတားများလမ်းပန်းဆက်သွယ်ရေးကောင်းမွန်မှုတို့ကြောင့် တောင်သူများအတွက် စပါးသီးနှံများရိတ်သိမ်းချိန်တွင်များစွာ အကျိုးဖြစ်ထွန်းလာမည်ဖြစ်ကြောင်း သိရသည်။

အောင်မျိုးသူ (ပြန်/ဆက်)