မိုင်းယန်း နိုဝင်ဘာ ၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံခရိုင် မိုင်းယန်းမြို့တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ၈ ရက် နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရန် ရွေးကောက်ပွဲလုံခြုံရေးနှင့် တာဝန်ခွဲဝေချထားမှုအပေါ် ဆွေးနွေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်က အခြေခံပညာအထက် တန်းကျောင်း၌ ပြုလုပ်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မိုင်းယန်းမြို့ပေါ်ရှိ မဲရုံများအလိုက် တာဝန်ကျမဲရုံမှူးများနှင့် အဖွဲ့ဝင်များက မဲရုံအလိုက် လုပ်ငန်းဆိုင်ရာများ ကြိုတင်ပြင်ဆင်ထားရှိမှုများ၊ ကျန်းမာရေးနှင့် အားကာစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးလမ်းညွန်ချက်နှင့်အညီ ဆောင်ရွက်ထားရှိမှုများ၊ မဲရုံများအား ကြိုတင်ပြင်ဆင်ရာတွင် တာဝန်ခွဲဝေချထားမှု အခြေအနေများ စသည်တို့ကို ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
အလားတူ ရပ်ကွက်/ကျေးရွာအုပ်စုများအလိုက် မဲရုံမှူးများနှင့် အဖွဲ့ဝင်များကလည်း သက်ဆိုင်ရာစုရပ်များ၌ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံကြိုတင်ပြင်ဆင်ရေးဆိုင်ရာ တာဝန်ခွဲဝေ ချထားမှု အခြေအနေများကို ဆွေးနွေးခဲ့ကြကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
ထွန်းထွန်းထူး(ပြန်/ဆက်)