မြစ်သားမြို့နယ်တွင် အခြေခံစာတတ်မြောက်ရေး “အ”သုံးလုံးသင်တန်း ဖွင့်လှစ်သင်ကြား

မြစ်သား  ဧပြီ  ၆

မန္တလေးတိုင်းဒေသကြီး၊  ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် နိုင်ငံသူ၊ နိုင်ငံသားများ ပညာတတ်မြောက်စေရေးအတွက် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်ခဲ့ရာ နာမူနာနည်းလမ်းကောင်းများ ရှာဖွေဖော်ထုတ်သွားရန်နှင့် ဒေသ၏အခြေခံစာတတ်မှုနှုန်းတိုးတက်လာစေရန် ရည်ရွယ်၍ ယနေ့ နံနက်ပိုင်းက အခြေခံစာတတ်မြောက်ရေး “အ”သုံးလုံးသင်တန်းကို မြို့ပေါ်ရပ်ကွက် (၆)ရပ်ကွက်နှင့် ကင်းစိန်စျေးကျေးရွာတို့၌ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

ရှေးဦးစွာ သင်တန်းဖွင့်ပွဲတွင် မြစ်သားမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးခိုင်က အဖွင့်အမှာစကားပြောကြားပြီး ဒုတိယမြို့နယ်ပညာရေးမှူး ဦးကျော်ဟန်က အကြောင်းအမျိုးမျိုးကြောင့် မူလတန်းပညာကို ပြီးဆုံးအောင် မသင်ကြားခဲ့ရသူများအတွက် သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ သင်တန်းနည်းပြ ဆရာမများနှင့်ပူးပေါင်း၍ သင်တန်းသား၊ သင်တန်းသူများအတွက် သင်ကြားပို့ချရမည့် ဘာသာရပ်များနှင့်ပတ်သက်၍ လိုအပ်သည်များ ဖြည့်ဆည်းပေးခဲ့သည်။

အဆိုပါ သင်တန်းကို မြစ်သားမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများဖြစ်သော ရွှေသူဌေးရပ်ကွက်၊ မင်းကုန်းရပ်ကွက်၊ ရှမ်းပွဲရပ်ကွက်၊ မြို့မရှေ့ရပ်ကွက်၊ မြို့မနောက်ရပ်ကွက်၊ ဘူတာရပ်ကွက်နှင့် ကင်းစိန်စျေးကျေးရွာများရှိ သင်တန်းသား (၃၅)ဦး၊ သင်တန်းသူ (၄၀)ဦး စုစုပေါင်း (၇၅)ဦးတို့ တက်ရောက်ခဲ့ပြီး သင်တန်းနည်းပြဆရာမ (၅)ဦး၊ သင်တန်းကြီးကြပ်မည့်ဆရာမ (၁)ဦး စုစုပေါင်း (၆)ဦးတို့က ထိုသင်တန်းကာလ ဧပြီလ (၆)ရက်နေ့မှ မေလ(၁၅)ရက်နေ့အထိ ရက်ပေါင်း(၄၀)ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံး တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ဝါဝါမြင့်(မြစ်သား)