ရပ်ရွာလူထုကျန်းမာလုံခြုံမှုအတွက် ရှေ့တန်းမှဆောင်ရွက်မည့်သူများအား အားဖြည့်မြှင့်တင်ပေးခြင်းစီမံချက်လုပ်ငန်းအကြောင်း အသိပေးဆွေးနွေးခြင်း အစည်းအဝေး ကျင်းပ

ရန်ကုန် ဧပြီလ ၇

မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများဖက်ဒရေးရှင်းနှင့် ဩစတြေးလျနိုင်ငံကြက်ခြေနီအသင်းတို့ ပူးပေါင်းဆောင်ရွက်သော ရပ်ရွာလူထုကျန်းမာလုံခြုံမှုအတွက် ရှေ့တန်းမှဆောင်ရွက်မည့်သူများအား အားဖြည့်မြှင့်တင်ပေးခြင်းစီမံချက် လုပ်ငန်းများ အသိပေးဆွေးနွေးတင်ပြခြင်းအစည်းအဝေးကို ဧပြီ(၅)ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီရုံးတွင် ကျင်းပခဲ့သည်။

အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဒေါက်တာဇော်ဌေးက အမှာစကားပြောကြားခဲ့ပြီး အသင်းဌာနချုပ် ဒုတိယအထွေထွေအတွင်းရေးမှူး ဒေါက်တာဒေါ်ညိုညိုဝင့်က စီမံချက်လုပ်ငန်းများ၏ ရည်ရွယ်ချက်များကို ပြောကြားခဲ့သည်။

ထိုနောက် အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့်လခြမ်းနီအသင်းများဖက်ဒရေးရှင်းမှ Programme Coordinator Ms. Marie Manrique က နှုတ်ခွန်းဆက်စကားပြောကြားခဲ့သည်။

ယင်းနောက် ကျန်းမာရေးဌာနမှ စီမံကိန်းမန်နေဂျာ ဦးဟိန်းထက်ဇော်က စီမံချက်လုပ်ငန်းများကို ရှင်းလင်းတင်ပြရာ အစည်းအဝေးတက်ရောက်လာသူများက ဝိုင်းဝန်းဆွေးနွေးခဲ့သည်။

အစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ အသင်းဌာနချုပ်မှ ဒုတိယအထွေထွေအတွင်းရေးမှူးနှင့် တာဝန်ရှိသူများ၊ အင်းစိန်မြို့နယ်နှင့် သုံးခွမြို့နယ်ကြက်ခြေနီအသင်းခွဲတို့မှ တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်းမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

အဆိုပါစီမံချက်လုပ်ငန်းများကို ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်နှင့် သုံးခွမြို့နယ်တို့တွင် (၁၀)လတာ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်‌ကြောင်း သိရသည်။

‌အောင်မြင့်(ပြန်/ဆက်)