နောင်ချို ဧပြီ ၇
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် သာသနာရေးဦးစီးဌာနက ကြီးမှူးကျင်းပသည့် ၂၀၂၄ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲပထမနေ့ကို ဧပြီလ ၅ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန်က တောင်ရပ်ကွက် မဏိရတနာသာသနာ့ဗိမာန်တော်တွင် တတိယနေ့အဖြစ် ဆက်လက်ဖြေဆိုလျက်ရှိသည်။
အစိုးရပါဠိပထမပြန်စာမေးပွဲတွင် နောင်ချိုမြို့နယ်အတွင်းရှိ ပရိယတ္တိစာသင်တိုက်များနှင့် ဘုန်းတော်ကြီးကျောင်းများမှ အခြေပြုမူလတန်း၊ ပထမငယ်တန်း၊ ပထမလတ်တန်းနှင့် ပထမကြီးတန်းတို့တွင် စာရင်းပေးသွင်းထားသော ရဟန်း၊ သာမဏေ၊ သီလရှင် စုစုပေါင်း ၁၄၂ ပါးရှိပြီး ဖြေဆို ၁၀၈ ပါးနှင့် ပျက်ကွက် ၃၄ ပါးရှိကြောင်း သာသနာရေးဦးစီးဌာနမှ သိရသည်။
အဆိုပါ ပါဠိပထမပြန်စာမေးပွဲအား စိတ်အေးချမ်းသာစွာဖြေဆိုနိုင်ရန်အတွက် ဩဝါဒစရိယဆရာတော်များ၊ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဌနှင့် အကျိုးဆောင်ဆရာတော်များက ကြီးကြပ်လျက်ရှိပြီး ပါဠိပထမပြန်စာမေးပွဲကို ဧပြီလ ၃ ရက်နေ့မှ ဧပြီလ ၉ ရက်နေ့အထိ ၇ ရက်ကြာကျင်းပသွားမည်ဖြစ်ကြောင်းနှင့် စာဖြေသံဃာတော်များအား အလှူရှင်များမှ နေ့ဆွမ်းဆက်ကပ်ခြင်း၊ အချိုရည်များ ဆက်ကပ်လှူဒါန်းပေးလျက်ရှိကြောင်းသိရသည်။
ထွေးငယ်(နောင်ချို၊ ပြန်/ဆက်)