မင်္ဂလာဒုံ ဧပြီ ၇
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ် သပြေညိုမင်္ဂလာခန်းမတွင် လူငယ်လူရွယ်များ ဘဝတစ်ကွေ့ခရီးလမ်းတွင် အထောက်အကူပြုစေမည့် ပညာရပ်များကို သင်ကြားပေးနေသည့် သပြေညိုပညာဒါနအကျိုးဆောင်အသင်း(ထောက်ကြန့်)မှ ဖွင့်လှစ်ပေးသော နွေရာသီပညာဒါနအခမဲ့သင်တန်းများ သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ သပြေညိုပညာဒါနအကျိုးဆောင်အသင်းဥက္ကဋ္ဌ ဦးတင်ညွန့်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး အတွင်းရေးမှူးဦးနေဆန်းက ယခုအခါ ကလေးများသည် မိမိနေအိမ်များတွင်ပါ မိုဘိုင်းဖုန်းအသုံးပြုမှုများ လျော့နည်းလာကြပြီး သင်ခန်းစာများတွင်သာ စိတ်ပါဝင်စားစွာ သင်ယူနေကြသဖြင့် မိဘများနှင့်ထပ်တူဝမ်းသာရကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ သင်တန်းတွင် သင်ကြားပေးနေသည့် ဆရာများ၊ သင်တန်းနည်းပြများ၊ ဆုရရှိခဲ့သည့် သင်တန်းသူ၊ သင်တန်းသားများအား တာဝန်ရှိသူများက ဆုတံဆိပ်များ ချီးမြှင့်ခဲ့ကြသည်။ အခမ်းအနားကို သပြေညိုပညာဒါနအကျိုးဆောင်အသင်းမှ တာဝန်ရှိသူများ၊ ဦးစောနိုင်(အသုံးချဘောဂဗေဒ)၊ မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သင်တန်းသား၊ သင်တန်းသူများ၊ ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဌေးလင်း(မင်္ဂလာဒုံ)