ကျေးလက်နေပြည်သူများ အခြေခံစာတတ်မြောက်ရေးအတွက် သင်တန်းများဖွင့်လှစ်

ပုဗ္ဗသီရိ ဧပြီ ၇

ပြည်ထောင်စုနယ်မြေ၊  နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ဝဲကြီးကျေးရွာအုပ်စု၊ သရက်ပင်ကျေးရွာ၊ သပြေစမ်းကျေးရွာ၊ ရတနာဒီပရပ်ကွက်နှင့် အမှတ်(၂) ကျည်တောင်ကန်ရပ်ကွက်တို့၌   ကျေးလက်နေပြည်သူများ အခြေခံစာတတ်မြောက်ရေးအတွက် သင်တန်းများကို ယမန်နေ့နံနက်ပိုင်းက ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်းသိရသည်။

အခြေခံစာတတ်မြောက်ရေးသင်တန်းများကို ကျေးလက်နေပြည်သူများအားလုံး  စာတတ်မြောက်စေရန်၊ ယနေ့ခေတ်သည် ပညာခေတ်နှင့်အညီ ပြည်သူများ၏ ပညာရည်မြင့်မားရေးကို ဦးစားပေးဆောင်ရွက်ခြင်းဖြစ်ရာ အခြေခံစာတတ်မြောက်ရေးသင်တန်းအား ဧပြီလ(၆)ရက်နေ့မှ မေလ(၁၅)ရက်နေ့အထိ အခြေခံ အရေး၊ အဖတ်၊ အတွက်အပြင် လူမှုဘဝလေ့လာရေးများကို တစ်နေ့လျှင်(၃)နာရီဖြင့် ရက်ပေါင်း(၄၀)သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်းသိရသည်။ အဆိုပါ အခြေခံစာတတ်မြောက်ရေးအတွက်သင်တန်းများကို ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ဝဲကြီးကျေးရွာအုပ်စု၊ သရက်ပင်ကျေးရွာ အ-မ-ကကျောက်ခွက်၊ သပြေစမ်းကျေးရွာ အ-မ-က၊  ရတနာဒီပရပ်ကွက် အ-လ-ကနှင့် အမှတ်(၂)ကျည်တောင်ကန် မှန်ကျောင်းဘုန်းတော်ကြီးကျောင်းတို့၌ သင်ကြားပို့ချပေးလျက်ရှိရာ မြို့နယ်အဆင့် စာတတ်မြောက်မှုအကဲဖြတ်ရေးအဖွဲ့၊ ရပ်ကွက်/ ကျေးရွာ လုပ်ငန်းကော်မတီဝင်များ၊ သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများက ပူးပေါင်းပါဝင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သန်းသန်းနွယ်(ပုဗ္ဗ)