ပင်းတယ ဧပြီ ၇
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်၊ မြို့နယ်ဓမ္မာရုံ၌ ၂၀၂၃ ပြည့်နှစ်တွင် ကျင်းပပြီးစီးခဲ့သော အစိုးရပါဠိပထမပြန်စာမေးပွဲ(ကြီး၊ လတ်၊ ငယ်၊ မူ) အောင်မြင်တော်မူခဲ့ကြသည့် စာအောင်သံဃာတော်များအား ဆုချီးမြှင့်သည် စူဠဘွဲ့နှင်းသဘင်အခမ်အနားကို ယနေ့နံနက် ၇ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားကို နမောတဿသုံးကြိမ် ရွတ်ဆိုဖွင့်လှစ်ကြပြီး၊ ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများက အစိုးရပါဠိ ပထမပြန်စာမေးပွဲ ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ကန်ထောင့်ကျောင်းဆရာတော်အား ရှိခိုးကန်တော့ကြ၍ ငါးပါးသီလ ခံယူဆောက်တည်ခဲ့သည်။
ထို့နောက် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး ဟိန်းထက်ဇော်မှ သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့သည်။
ဆက်လက်၍ ၂၀၂၃ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲ စာအောင်သံဃာတော်များအား ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပင်းတယမြို့ ဆွမ်းကွမ်းဆက်ကပ်ရေးကော်မတီဥက္ကဋ္ဌနှင့် မြို့မိမြို့ဖတို့မှ စာအောင်ဆုလက်မှတ်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပေးခဲ့ကြပြီး၊ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကာ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ် ရွတ်ဆိုကန်တော့၍ အခမ်းအနား ပိတ်သိမ်းခဲ့ကြောင်း သိရသည်။
ယနေ့တွင် ကျင်းပပြုလုပ်သည့် ပင်းတယမြို့နယ် အစိုးရပထမပြန် စာမေးပွဲစူဠဘွဲ့နှင်းသဘင်အခမ်းအနားတွင် ပင်းတယစာဖြေဌာနမှ အလတ်တန်း (၅)ပါး၊ အငယ်တန်း(၈)ပါးနှင့် အခြေပြု (၄၁)ပါး စုစုပေါင်းစာအောင်သံဃာတော် (၅၄)ပါးရှိကြောင်း သိရသည်။
အောင်ကိုဦး(ပြန်/ဆက်)