တန့်ယန်းမြို့နယ် အောင်တော်မူစေတီတော်ကြီး၌ တင်လှူပူဇော်မည့် ရွှေထီးတော်များအား ရောင်တော်ဖွင့် ပူဇော်

တန့်ယန်း ဧပြီ ၇

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ် နေမိန္ဓရကုန်းတော်ပေါ်တွင် တည်ထားလျက်ရှိသော ဉာဏ်တော် ၁၀၈ ပေရှိ အောင်တော်မူစေတီတော်ကြီး၌ တင်လှူမည့် အမြင့် ၁၈ ပေရှိ ရွှေထီးတော်ကြီးနှင့် အရံစေတီရှစ်ဆူတို့၏ ရွှေထီးတော်များအား ရောင်တော်ဖွင့်ခြင်းကို ယမန်နေ့ မွန်းလွဲညနေပိုင်းက ကုသိုလ်ပြု ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အောင်တော်မူစေတီတော်ကြီး၏ ရွှေထီးတော်တင်လှူပူဇော်ပွဲကို မကြာမီ တင်လှူပူဇော်တော့မည်ဖြစ်ရာ ရွှေထီးတော်ကြီးအား ရောင်တော်ဖွင့်ခြင်းနှင့် လှည့်လည်အပူဇော်ခံရာတွင် အဆင်ပြေချောမွေ့ရန် ပြင်ဆင်ခြင်းလုပ်ငန်းတို့ကို ဦးစီးပဓာန နာယက ဆရာတော် အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ ဘဒ္ဒန္တကုသလ၏ ဩဝါဒကိုခံယူလျက် စေတီတော်တည်ဆောက်ရေးကော်မတီ နာယက ဦးစိုင်းမြင့်ဆွေ၊ ဦးစိုင်းရီထွန်းနှင့် တာဝန်ရှိသူများ၊ ရွှေထီးတော်ပင့်ဆောင်ရေးဆပ်ကော်မတီမှ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ရွှေထီးတော် ဘုံအဆင့်ဆင့်အား အမွှေးနံ့သာရည်များ ပက်ဖျန်း၍ ရောင်တော်ဖွင့်ခြင်းနှင့် လှည့်လည်အပူဇော်ခံရာတွင် အဆင်ပြေချောမွေ့ရန် ကြိုတင်ပြင်ဆင်ခြင်းကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မင်းလွင်ဦး(တန့်ယန်း)