စဉ့်ကိုင် ဧပြီ ၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ၊ စဉ့်ကိုင်မြို့နယ်တွင် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာ သင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ဧပြီလ ၃ ရက် နံနက်(၁၀) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပခဲ့သည်။
အစည်းအဝေးတွင် စဉ့်ကိုင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဗိုလ်အောင်မောင်မောင်က ၂၀၂၄-ခုနှစ် ဧပြီလ(၁၃)ရက်နေ့တွင် ကျရောက်မည့် မဟာသင်္ကြန်ပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး၊ ဌာနဆိုင်ရာများမှ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်း ဦးစွာပြောကြားခဲ့သည်။
ဆက်လက်၍ အဖွဲ့ဝင်(၁) ဗိုလ်မှူးပြည့်ဖြိုးအောင်နှင့် အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းလွင်တို့က မဟာသင်္ကြန်ကာလအတွင်း သင်္ကြန်လည်ကြမည့် ပြည်သူများ ဘေးကင်းလုံခြုံစေရန် လုံခြုံရေးအဖွဲ့များ တာဝန်ချထားမှုအခြေအနေများ၊ လမ်းလျှောက်သင်္ကြန်ဖြစ်သည့်အတွက် မော်တော်ယာဉ်များ ရပ်နားရန် သီးသန့်နေရာချထားရေး ဆောင်ရွက်ကြရန် မှာကြားခဲ့သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌက မဟာသင်္ကြန်ပွဲတော် ကျင်းပနိုင်ရေး ကော်မတီ၊ ဗဟိုမဏ္ဍပ်ဆောက်လုပ်ရေးလုပ်ငန်းကော်မတီ၊ ဖိတ်ကြားရေး၊ ကြိုဆိုနေရာချထားရေး လုပ်ငန်းကော်မတီ၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ဖျော်ဖြေရေးအဖွဲ့များအား နေရာချထားရေးနှင့် အလှည့်ကျတင်ဆက်နိုင်ရေး ကော်မတီ၊ ဂုဏ်ပြုဆုချီးမြှင့်ရေးလုပ်ငန်း ကော်မတီ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းကော်မတီ၊ ဘဏ္ဍာငွေ ရှာဖွေရေးလုပ်ငန်းကော်မတီ၊ ပြန်ကြားရေးနှင့် မှတ်တမ်းပြုစုလုပ်ငန်းကော်မတီ၊ လမ်းလျှောက်သင်္ကြန်နှင့် ရေကစားမဏ္ဍပ်ငယ်များ ဆောက်လုပ်ရေးလုပ်ငန်းကော်မတီ၊ ကျန်းမာရေး၊ လုံခြုံရေးနှင့် စည်းကမ်း ထိန်းသိမ်းရေးလုပ်ငန်းကော်မတီ၊ စတုဒိသာ ဧည့်ခံကျွေးမွေးရေး လုပ်ငန်းကော်မတီ၊ သက်ကြီးပူဇော်ပွဲ ကျင်းပရေးကော်မတီ စသည့် ကော်မတီများ အသီးသီးဖွဲ့စည်းပေးခဲ့သည်။ ယင်းနောက် ၎င်းကော်မတီ အသီးသီးမှ ဥက္ကဋ္ဌများက ကဏ္ဍအလိုက်ဆောင်ရွက်မည့် အစီအစဥ်များနှင့် အခက်အခဲများအား အသီးသီး တင်ပြခဲ့ကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးသည်။
စဉ့်ကိုင်မြို့နယ် မဟာသင်္ကြန်ပွဲတော်ဖွင့်ပွဲ အခမ်းအနားကို မြန်မာသက္ကရာဇ်၁၃၈၅ခုနှစ် တန်ခူးလဆန်း (၅)ရက် မဟာသင်္ကြန် အကြိုနေ့ နံနက်(၉)နာရီအချိန်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း၊ မဟာသင်္ကြန် အကျနေ့နှင့် အကြတ်နေ့များတွင် "မန်းတောင်ရိပ်ခို" သီချင်းဖြင့် ယိမ်းအကအဖွဲ့ (၁၀)ဖွဲ့ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း၊ထိုယိမ်းအဖွဲ့(၁)ဖွဲ့တွင် ယိမ်းအကမယ် (၈)ဦးမှ (၁၅)အထိ ပါဝင်မည်ဖြစ်ပြီး ဗဟိုမဏ္ဍပ်၌ အလှည့်ကျ ကပြဖျော်ဖြေသွားမည်ဖြစ်ကြောင်းနှင့် ပြိုင်ပွဲဝင်ယိမ်းအဖွဲ့များမှ ဆုရရှိကြမည့် အဖွဲ့များကို မဟာသင်္ကြန်အတတ်နေ့ နံနက်ပိုင်းတွင် ဆုများချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်စွာ (စဉ့်ကိုင်)