ဇမ္ဗူသီရိမြို့နယ်တွင် ကောက်စိုက်စက်နှင့် လက်ဆွဲကောက်စိုက်အသုံးပြု၍ နွေစပါးနှိုင်းယှဉ် စိုက်ပျိုးခြင်းသရုပ်ပြအခမ်းအနား ကျင်းပ

ဇမ္ဗူသီရိ ဧပြီ ၇

စက်မှုလယ်ယာဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ပူးပေါင်းဆောင်ရွက်သည့် Kubota ကောက်စိုက်စက်နှင့် လက်ဆွဲကောက်စိုက်အသုံးပြု၍ နွေစပါးနှိုင်းယှဉ်စိုက်ပျိုးခြင်း သရုပ်ပြပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ တဲကြီးကုန်းကျေးရွာရှင်းလင်းဆောင်၌ကျင်းပရာ ပျဉ်းမနားခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုဦး၊ တိုင်း၊ ခရိုင်၊ မြို့နယ် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ တောင်သူများ တက်ရောက်ကြသည်။

ဦးစွာ ပျဉ်းမနားခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုဦးက အမှာစကားပြောကြားရာတွင်  သီးနှံများစိုက်ပျိုးထုတ်လုပ်ရာတွင် ထွန်ယက်ရေးလုပ်ငန်းများ အချိန်မီပြီးစီးရန်၊ စိုက်ပျိုးမှုလုပ်ငန်းများ၊ အပင်ပြုစုစောင့်ရှောက်ခြင်းလုပ်ငန်းများ၊ ရိတ်သိမ်းခြင်းလုပ်ငန်းများ၊ ရာသီချိန်မီဆောင်ရွက်နိုင်ရန်အတွက် လက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊ စာရေရိက္ခာဖူလုံရေး၊ ဝမ်းစာပြည့်မီရေးနှင့် ဆီဖူလုံမှုတိုးတက်စေရေးအတွက် ဆန်စပါးစိုက်ပျိုးထုတ်လုပ်ရာတွင် မျိုးကောင်းမျိုးသန့်များ အသုံးပြုခြင်း၊ စိုက်နည်းစနစ်မှန်ကန်စွာဆောင်ရွက်ခြင်း၊ ရေကို တန်ဖိုးထားသုံးစွဲခြင်းနှင့် သွင်းအားစုများ ပြည့်ပြည့်ဝဝထည့်သွင်းပြီး စနစ်တကျဆောင်ရွက်မည်ဆိုပါက အောင်မြင်မှုရရှိနိုင်မှာဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ဌာနဆိုင်ရာတာဝန်ရှိသူများက နေပြည်တော်အတွင်း ၂၀၂၃-၂၀၂၄ ခုနှစ် ဇမ္ဗူသီရိမြို့နယ်၏ နွေစပါးစိုက်ပျိုးမှုအခြေအနေများ၊ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ ကောက်စိုက်စက်နှင့် လက်ဆွဲကောက်စိုက်အသုံးပြု၍ စိုက်ပျိုးမှုအခြေအနေများကို အသီးသီးရှင်းလင်းတင်ပြကြသည်။

ယင်းနောက် ပျဉ်းမနားခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက နွေစပါးစိုက်ပျိုးမည့် တောင်သူများအား သွင်းအားစုသဘာဝမြေဩဇာများကို ထောက်ပံ့ပေးအပ်ကြပြီး တောင်သူ ဦးမျိုးဝင်း၏ လယ်မြေတွင် Kubota ကောက်စိုက်စက်နှင့် လက်ဆွဲကောက်စိုက်များ အသုံးပြု၍ နွေစပါးနှိုင်းယှဉ်စိုက်ပျိုးခြင်း သရုပ်ပြသမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ဟိန်းသူအောင်(ပြန်/ဆက်)