ကျောက်တံတားမြို့နယ်တွင် စာရေးသားနည်း သင်တန်းဆင်းပွဲကျင်းပ

ကျောက်တံတား ဧပြီ ၆

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာ့အလင်းခေတ်မီစာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယနေ့ နံနက် (၁၁:၀၀) နာရီအချိန်က လေအန်ကုန်းစာပေရပ်ဝန်းမှ စာရေးဆရာများ၊ စာပေချစ်မြတ်နိုးသူများအဖွဲ့ (Book Club)တို့ပူးပေါင်း၍ စာရေးသားနည်းသင်တန်းဆင်းပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် မြို့မိမြို့ဖ ဦးသိန်းနိုင်၊ လေအန်ကုန်း စာပေရပ်ဝန်းမှ တာဝန်ရှိသူများ စာရေးဆရာများ၊ သင်တန်းနည်းပြဆရာ စာရေးဆရာ သိင်္ခသူနှင့် စာရေးဆရာ နောင်အံ့လူ၊ သင်တန်းသား/ သင်တန်းသူများ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်၊၊

သင်တန်းဆင်းပွဲ အခမ်းအနားတွင် သင်တန်းဖြစ်မြောက်ရေးကော်မတီ နာယက ဆရာ ဇော်ထူးနိုင် (စာပေနှင့်ဂမ္ဘီရ) က အဖွင့်အမှာစကားပြောကြားပြီး စာပေချစ်မြတ်နိုးသူများအသင်း (Book Club)ဉက္ကဋ္ဌ စာရေး ဆရာမ ညွန့်ညွန့်(ကလော)နှင့် မြို့နယ်ဦးစီးမှူး ဦးရဲနောင်ချစ်တို့က သင်တန်းဖွင့်လှစ်ခဲ့မှု အခြေအနေများကိုလည်းကောင်း၊ သင်တန်းသား မောင်ရွှေလှိုင်ထွန်းက ကျေးဇူးတင်စကားကိုလည်းကောင်း အသီးသီးပြောကြားခဲ့ကြသည်။ ထို့နောက် သင်တန်းတွင် အာဟာရဒါနလှူဒါန်းသည့် အလှူရှင်များနှင့် သင်တန်းသား/ သင်တန်း သူများအား ဂုဏ်ပြုလက်မှတ်များ ပေးအပ်ခဲ့ကြသည်။

အဆိုပါ စာရေးသားနည်းသင်တန်းအား စာရေးဆရာ သိင်္ခသူနှင့် စာရေးဆရာ နောင်အံ့လူတို့က ဝတ္ထုရေးနည်း၊ ကဗျာရေးနည်း၊ ဆောင်းပါးရေးနည်းတို့အား  (၉-၃-၂၀၂၄) ရက်မှ စ၍ အပတ်စဉ် အင်္ဂါနေ့နှင့် စနေ နေ့တိုင်း တစ်ပတ်လျှင် (၂) ရက်နှုန်းဖြင့် (၆-၄-၂၀၂၄) ရက်အထိ (၉) ရက်ကြာ သင်ကြားပို့ချပေးခဲ့ကြောင်း သိရှိရပါသည်။

ကျောက်တံတား (ပြန်/ဆက်)