ကျိုက်ထိုမြို့နယ်တွင် အခြေခံစာတတ်မြောက်ရေး စာသင်ဝိုင်းဖွင့်လှစ်

ကျိုက်ထို ဧပြီ ၆

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်တွင် အခြေခံစာတတ်မြောက်ရေး စာသင်ဝိုင်းဖွင့်ပွဲကို ယနေ့နံနက် ၁၀ နာရီတွင် ကျိုက်ထို မြို့အမှတ် (၁) အခြေခံပညာမူလတန်းလွန်ကျောင်း (ကံ့‌ကော်) ၌ ဖွင့်လှစ်ခဲ့သည်။

ဖွင့်ပွဲအခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်နိုင်ထွန်းက မြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးအတွက် အခြေခံစာတတ်မြောက်ရေးစာသင်ဝိုင်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် မူလတန်းပညာကို ပြီး‌‌ဆုံးအောင်မသင်ကြားနိုင်သည့် ပြည်သူများ၏ လူမှုဘဝမြင့်မားလာစေရန် ရည်ရွယ်၍ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း တို့ကိုပြောကြားခဲ့သည်။

ယင်းနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်နိုင်ထွန်းနှင့် အဖွဲ့ဝင်များ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင့်လွင်နှင့် အဖွဲ့ဝင်များ ခရိုင်ပညာရေးမှူး ဦးခိုင်ထွန်း၊ မြို့နယ်ပညာရေးမှူး ဦး‌မောင်ညိုနှင့် ဌာနဆိုင်ရာ အကြီးအကဲများက စာသင်သားများအား စာသင်ဝိုင်းတွင်လိုအပ်မည့် သင်ထောက်ကူပစ္စည်းများပေးအပ်၍ သင်ကြားပြသမှုကို အားပေးကြည့်ရှုခဲ့ကြသည်။

အဆိုပါစာသင်ဝိုင်းသို့ မူလတန်းပညာမသင်ကြားခဲ့ရသော စာသင်သား (၁၂၀) ဦးအား နည်းပြဆရာ၊ ဆရာမများက ဧပြီ ၆ ရက်နေ့မှ မေ ၁၅ ရက်‌နေ့ထိ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကျိုက်ထို (ပြန်/ဆက်)