ကျောက်ပန်းတောင်းမြို့နယ်တွင် ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ  အခြေခံစာတတ် မြောက်ရေးလှုပ်ရှားမှုအဖြစ် စာသင်ဝိုင်းများ ဖွင့်လှစ်ဆောင်ရွက်

ကျောက်ပန်းတောင်း    ဧပြီ  ၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများအတွက် အခြေခံစာတတ်မြောက်ရေး လှုပ်ရှားမှုအဖြစ်၊ ဧပြီ(၆)ရက်နေ့ နံနက်(၈)နာရီမှစတင်၍ စာသင်ဝိုင်းများ ဖွင့်လှစ်ဆောင်ရွက်လျက်ရှိရာ၊ အဆိုပါစာသင်ဝိုင်းများ ဖွင့်လှစ်ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် ပညာရေးဌာနမှ တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး ခဲ့ကြကြောင်းသိရသည်။

ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများအတွင်း စာမတတ်သူမရှိစေရေးအတွက် အသုံးလုံးသင်တန်း စာသင်ဝိုင်းများကို၊ တိုင်းဒေသကြီး၊ ပြည်နည်များအလိုက် မြို့နယ်များတွင် ကျေးရွာအလိုက် ဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်ရာ၊ ကျောက်ပန်းတောင်းမြို့နယ်၌ ကျေးရွာ(၁၉)ရွာ တွင် စာသင်ဝိုင်း(၁၉)ဝိုင်း ဖွင့်လှစ်ထားရှိပြီး အခြေခံစာတတ်မြောက် ရေးသင်တန်းသား(၁၇၅)ဦး တက်ရောက်သင်ကြားကြမည်ဖြစ်ကြောင်းသိရသည်။ အဆိုပါ စာသင်ဝိုင်းများတွင် မန္တလေးတိုင်း ဒေသကြီးပညာရေးဌာနမှကြီးမှူး ဖွင့်လှစ်သည့်သင်တန်းတွင် (၃)ရက်တာ တက်ရောက်သင်ယူခဲ့ကြသည့် ဒေသခံ ဆရာ/ဆရာမများက ဦးဆောင် သင်ကြားပေးကြမည်ဖြစ်ကြောင်းသိရပြီး၊ သင်တန်းကာလမှာ သင်္ကြန်မတိုင်မီ (၆-၄-၂၀၂၄)မှ (၁၂-၄-၂၀၂၄)အထိ တစ်ကြိမ်နှင့် သင်္ကြန်ပြီး(၁၈-၄-၂၀၂၄)ရက်နေ့မှ (၁၅-၅-၂၀၂၄)နေ့အထိ တစ်ကြိမ် (၂)ကြိမ်ခွဲ၍ ဖွင့်လှစ် သင်ကြားပေးသွားမည်ဖြစ် ကြောင်းသိရသည်။

အဆိုပါ စာသင်ဝိုင်းများအနက် နှစ်ကျပ်ခွဲကျေးရွာ ထီးတော်လှုပ် သိမ်တော်ဘုရားဝင်းတွင် ဖွင့်လှစ်ထားသည့် စာသင်ဝိုင်း၊ လက်ပံပင်ကျေးရွာအ.ထ.က(ခွဲ)အတွင်း ဖွင့်လှစ်ထားသည့် စာသင်ဝိုင်းနှင့် အင်တောကျယ်ကျေးရွာ သဟပုညကာရီ ဓမ္မာရုံ တွင်ဖွင့်လှစ်ထားသည့် စာသင်ဝိုင်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသန်းလွင်၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးသန်းထွန်းအောင်၊ ကြီးကြပ်တာဝန်ခံ ဦးပေါကြွယ်နှင့်တာဝန်ရှိသူများ ကွင်းဆင်း ကြည့်ရှုစစ်ဆေး၍ မြို့နယ်ဥက္ကဋ္ဌက သင်တန်းသားများနှင့်နည်းပြများအား အချိုရည်ဘူးများ လှူဒါန်းခဲ့ပြီး၊ လိုအပ်သည်များကို သက်ဆိုင်ရာ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)