ကျိုက်မရောမြို့နယ်တွင် စာတတ်​မြောက်ရေးလှုပ်ရှားမှုစာသင်ဝိုင်းများဖွင့်ပွဲ ကျင်းပ

ကျိုက်မရော ဧပြီ ၆

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများအား အခြေခံစာတတ်မြောက်ရေးလှုပ်ရှားမှု စာသင်ဝိုင်းများ ဖွင့်လှစ်သင်ကြားခြင်းကို ဧပြီ ၆ ရက် နံနက် ၉ နာရီက ကျိုက်မရောမြို့ ရေတွင်းကျေးရွာ အ.ထ.က.ခွဲကျောင်းခန်းမ၌ ပြုလုပ်သည်။

အဆိုပါ ကျေးလက်နေပြည်သူများ စာတတ်မြောက် ရေးစာသင်ဝိုင်းများဖွင့်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးဦးနှင့်အဖွဲ့ဝင်များ မြို့နယ်ပညာရေးမှူးဒေါ်စုစုဌေးနှင့် အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ စာသင်ဝိုင်းနည်းပြများ ကြီးကြပ်ဆရာ၊ ဆရာမများ၊ မြို့နယ်စာတတ်မြောက်ရေးလုပ်ငန်းကြီးကြပ်မူကော်မတီဝင်များ ကျေးလက်နေ တိုင်းရင်းသားစာသင်သားများ တက်ရောက်ခဲ့ကြသည်။

ကျိုက်မရောမြို့နယ်တွင် အခြေခံ စာတတ်မြောက်ရေးလှုပ်ရှားမှူ ကျေးလက် စာသင်ဝိုင်းစုစုပေါင်း(၂၀၇)ဝိုင်းရှိပြီး စာသင်သားဦးရေ မှာ(၃၁၀၀)ဦးလျာထားကြောင်း သိရသည်။

ယနေ့စာသင်ဝိုင်းများ စတင်ဖွင့်လှစ်ရာ နေရာများသို့ မြိုနယ်စာတတ်မြောက်ရေးကော်မတီဥက္ကဋ္ဌနှင့် မြို့နယ်ပညာရေးမှူးတို့က သင်ကြားရေးစာအုပ်များ၊ ဗလာစာအုပ်များ၊ ခဲတံများ၊ အချိုရည်ဗူးများနှင့် ခေါက်ဆွဲခြောက်ထုပ်များကို စာသင်သားများထံထောက်ပံ့ပေးအပ်ပြီး စာသင်ကြားနေမှုများအား ကြည့်ရူအားပေးခဲ့ကြသည်။

အခြေခံစာတတ်မြောက်ရေး စာသင်ဝိုင်းများကို ဧပြီ ၆ ရက်နေ့မှ မေ ၁၅ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာ ရေးမှူးရုံးမှသိရသည်။

မိချို (ပြန်/ဆက်)