ပုဗ္ဗသီရိ ဧပြီ ၆
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ဝဲကြီးကျေးရွာအုပ်စု၊ သရက်ပင်ကျေးရွာ၊ သပြေစမ်းကျေးရွာ၊ ရတနာဒီပရပ်ကွက်နှင့် အမှတ် (၂) ကျည်တောင်ကန် ရပ်ကွက်တို့၌ ကျေးလက်နေပြည်သူများ အခြေခံစာတတ်မြောက်ရေးအတွက် သင်တန်းများကို ယနေ့နံနက်ပိုင်းက ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
အခြေခံစာတတ်မြောက်ရေးသင်တန်းများကို ကျေးလက်နေပြည်သူများအားလုံး စာတတ်မြောက်စေရန်၊ ယနေ့ခေတ်သည် ပညာခေတ်နှင့်အညီ ပြည်သူများ၏ ပညာရည်မြင့်မားရေးကို ဦးစားပေးဆောင်ရွက်ခြင်းဖြစ်ရာ အခြေခံစာတတ်မြောက်ရေးသင်တန်းအား ဧပြီလ (၆) ရက်နေ့မှ မေလ (၁၅) ရက်နေ့အထိ အခြေခံ အရေး၊ အဖတ်၊ အတွက်အပြင် လူမှုဘဝလေ့လာရေးများကို တစ်နေ့လျှင် (၃) နာရီဖြင့် ရက်ပေါင်း (၄၀) သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အခြေခံစာတတ်မြောက်ရေးအတွက် သင်တန်းများကို ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ဝဲကြီး ကျေးရွာအုပ်စု၊ သရက်ပင်ကျေးရွာ အ-မ-ကကျောက်ခွက်၊ သပြေစမ်းကျေးရွာ အ-မ-က၊ ရတနာဒီပရပ်ကွက် အ-လ-ကနှင့် အမှတ် (၂) ကျည်တောင်ကန် မှန်ကျောင်းဘုန်တော်ကြီးကျောင်းတို့၌ သင်ကြားပို့ချပေးလျက်ရှိရာ၊ မြို့နယ်အဆင့် စာတတ်မြောက်မှု အကဲဖြတ်ရေးအဖွဲ့၊ ရပ်ကွက်/ကျေးရွာ လုပ်ငန်းကော်မတီဝင်များ၊ သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများက ပူးပေါင်းပါဝင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သန်းသန်းနွယ်(ပုဗ္ဗ)