ကြည့်မြင်တိုင် နိုဝင်ဘာ ၆
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရ၊ ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီနှင့် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်တို့ကြီးမှူး၍ သန့်ရှင်းလတ်ဆတ်သော သား၊ ငါး၊ ဟင်းသီးဟင်းရွက် စားသောက်ကုန်များအား ပြည်သူများအလွယ်တကူ ဝယ်ယူရရှိနိုင်ရန်အတွက် ယမန်နေ့နံနက်ပိုင်းက ရပ်ကွက်များအတွင်းသို့ကားများဖြင့် လှည့်လည်ရောင်းချပေး ခဲ့ကြောင်း သိရသည်။
ထိုသို့ရောင်းချရာတွင် မြို့နယ်အတွင်း ကမ်းနားလမ်း၊ ဗိုလ်သူရလမ်း၊ နိဗ္ဗာန်လမ်း (၃)နေရာခွဲ၍ လှည့်လည် ရောင်းချရာမြို့နယ်စည်ပင်သာယာရေးကော်မတီနှင့်သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ ကြီးကြပ်၍ ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါစျေးရောင်းချမှုအား အမှတ်(၁)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်နန္ဒအောင်၊ ခရိုင် စည်ပင် (စီမံ)ခရိုင်မှူးဦးဖြိုးကျော်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်ဝင်းတို့မှ ကြည့်ရှု့အားပေးပြီး ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယခုကဲ့သို့ သား၊ ငါးနှင့် မီးဖိုချောင်သုံးစားသောက်ကုန်များကိုရပ်ကွက်များ အရောက် Mobile Market စျေးရောင်း ယာဉ်များဖြင့်လှည့်လည်ရောင်းချပေးမှုအား အလှည့်ကျဆက်လက်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ခိုင်ဇာလင်း(ပြန်/ဆက်)