ပုဇွန်တောင်မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး တစ်အိမ်တက်ဆင်း စစ်ဆေးမှုများ ဆောင်ရွက်

ပုဇွန်တောင် ဧပြီ ၆

ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်သည်နှင့်အညီ မီးဘေးအန္တရာယ်ကြောင့် ပြည်သူများထိခိုက်ဆုံးရှုူံးမှု များကင်းဝေးစေရေးအတွက် အသိ ပညာပေးလုပ်ငန်းများ ပုဇွန်တောင်မြို့နယ်မီးသတ်ဦးစီးဌာနမှ စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ယ‌မန်နေ့နံနက် ၉ နာရီတွင်လည်း အမှတ်()ရပ်ကွက် အတွင်း ရှိနေအိမ်များနှင့်ဈေးဆိုင်များသို့ မီးသုံးစွဲမှုစနစ်တကျရှိစေရေးအတွက် တစ်အိမ်တက်ဆင်း လိုက်လံ စစ်ဆေးကြည့်ရှုခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် နေအိမ်နှင့်ဆိုင်ခန်းများအတွင်း သွယ်တန်းထားသည့် ဝါယာကြိုးများ ဟောင်းနွမ်းပေါက်ပြဲမှု ရှိ/မရှိ၊ ချက်ပြုတ်သည့်နေရာများတွင် အသုံးပြုသည့် မီးဖိုများအား ချက်ပြုတ်ပြီးပါက မီးငြှိမ်းသတ်မှု ရှိ/မရှိ၊ လျှပ်စစ်ပစ္စည်းများအား သုံးစွဲပြီးပါက ခလုတ်များနှင့် မီးပလပ်များ ဖြုတ်ခြင်းရှိ/မရှိ၊ မီးငြှိမ်းသတ်ရေးအတွက် မီးသတ်ဆေးဘူးများ၊ မီးချိတ်၊ မီးကပ်များ ပြင်ဆင်ထားရှိမှု ရှိ/မရှိတို့ကို စစ်ဆေးခဲ့ပြီးနောက် မီးလောင်ပါက မီးသတ်ဦးစီးဌာနသို့ ဆက်သွယ်ရမည့်ဖုန်းနံပါတ်များ၊ မီးလောင်မှုအမျိုးအစားအလိုက် မီးလောင်မှုမကြီးမားခင် ပြည်သူများကိုယ်တိုင် ငြှိမ်းသတ်နိုင်သည့် နည်းစနစ်များနှင့် မီးဘေးအန္တရာယ်ကြုံတွေ့ချိန်တွင် အသက်အန္တရာယ် မထိခိုက်စေရေးအတွက် ဆောင်ရွက်ရမည့်အချက်အလက်များကို အသိပညာပေးပြောကြားခဲ့သည်။

အဆိုပါလုပ်ငန်းများကို ပုဇွန်တောင်မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်လင်းဦး ဦးဆောင်မီးသတ်တပ်ဖွဲ့ဝင်များ၊ သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်ဖွဲ့ဝင်များက တစ်အိမ်တက်ဆင်း လိုက်လံဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

ဟန်စုယဉ်