ပေါင်မြို့နယ်၌ ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

ပေါင် ဧပြီ ၆

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ကျေးလက်နေ ပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးပြုလုပ်ခြင်းကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝါရီရူခန်းမ၌ယမန်နေ့ ညနေ( ၄ )နာရီကကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ၊ဥက္ကဋ္ဌ ဦးထင်လင်းအောင်က ယခုဆောင်ရွက်ကြမည့် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းသည် အကြောင်းအမျိုးမျိုးကြောင့် ငယ်စဉ်က မူလတန်းပညာ ပြီးဆုံးသည်ထိ မသင်ကြားခဲ့ရသူများ စာတတ်မြောက်စေရေး၊ လူမှုဘဝမြင့်မားရေး၊ ဒေသအလိုက် စာတတ်မြောက်မှု တိုးတက်စေရေးအတွက် အထောက်အကူ ဖြစ်စေရေး၊ မိမိဘဝတိုးတက်လာပြီး အမှား၊ အမှန်ကို ကောင်းစွာသိလာနိုင်မည်ဖြစ်၍ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း အမှာစကားပြောကြားသည်။

ဆက်လက်၍ မြို့နယ်ပညာရေးမှူး ဒေါ်စန်းစန်းအေးက နိုင်ငံတော်၏ ရည်မှန်းချက်အရ တစ်နိုင်ငံလုံး စာတက်မြောက်‌ရေးကို အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်သောကြောင့် ဆရာ/ဆရာမများက ကြိုးစားဆောင်ရွက်ပေးကြပါရန်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများမှ စာသင်သားများ လာရောက်သင်ကြားနိုင်ရေးကို ကူညီဆောင်ရွက်ပေးကြပါရန် ဆွေးနွေးပြောကြားခဲ့သည်။

အဆိုပါ စာတတ်မြောက်ရေး စာသင်ဝိုင်းများကို နည်းပြအဖြစ် အခြေခံပညာဆရာ၊ ဆရာမ (၇၆)ဦး၊ ကြီးကြပ်(၁၀)ဦး တို့က ကျေးရွာ( ၁၆ )ရွာရှိ စာသင်သား( ၅၇၀ )ဦးတို့ကို စာသင်ဝိုင်း(၃၈)ဝိုင်းခွဲပြီး ဧပြီ(၆)ရက်နေ့မှ  မေလ(၈)ရက်နေ့အထိ ရက်(၄၀)ကြာ အခြေခံစာတတ်မြောက်ရေးအတွက် သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

မွန်မလေး(ပြန်/ဆက်)