ပုဇွန်တောင် ဧပြီ ၆
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် မြို့နယ်အားကစားနှင့်ကာယ ပညာဦးစီးဌာနနှင့် မြို့နယ်အခြေခံ ပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် မြို့နယ်အဆင့် အခြေခံ မြန်မာ့ရိုးရာသိုင်းသင်တန်းဆင်းပွဲကို ယမန်နေ့နံနက် ၉ နာရီက မြို့နယ်ပညာ ရေးမှူးရုံးရှိ တေဇခန်းမတွင် ကျင်းပခဲ့သည်။
အခမ်းအနားကို သင်တန်းသူ/သင်တန်းသားလေးများမှ လူငယ်သိုင်း ဝန်ခံကတိ(၅)ချက်ရွတ်ဆို၍ ဖွင့်လှစ်ခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်ဝင်းလှိုင်နှင့် လူငယ်သိုင်းပင်မ နည်းစနစ်မှူး ဦးဇော်ဝင်းတို့မှ သင်တန်းဆင်းအမှာစကား ပြောကြားခဲ့သည်။ ဆက်လက်ပြီး မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန နည်းစနစ်မှူး ဒေါ်သီရိဆွေက ကျေးဇူးတင်စကားပြောကြားခဲ့ကာ မြို့နယ်ပညာရေးမှူး ဒေါ်ခင်ခင်စန်းမှ သင်တန်းနည်းပြဆရာ/ဆရာမများအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့နောက် ဆုရရှိသော သင်တန်းသူ/သင်တန်းသားလေးများအား တာဝန်ရှိသူများမှ ဆုများအသီးသီး ချီးမြှင့်ခဲ့ကြပြီး သင်တန်းသူ/ သင်တန်းသားလေးများက သိုင်းကွက်များ သရုပ်ဖော်ပြသကြပြီးနောက် အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။ အဆိုပါ မြန်မာ့ရိုးရာအခြေခံမြန်မာ့သိုင်းသင်တန်းကို မတ်လ ၁၂ ရက်နေ့မှ ဧပြီလ ၅ ရက်နေ့အထိ ဖွင့်လှစ်ပေးခဲ့ပြီး သင်တန်းနည်းပြဆရာများဖြစ်သော ဦးဇော်ဝင်း၊ ဦးမျိုးညွန့်၊ ဦးလှမြတ်ငွေ၊ ဦးကျော်ငြိမ်းနှင့်ဒေါ်ရူပါသိမ်းတို့မှ ဗန်တို/ဗန်ရှည်ခုခံကာကွယ်တိုက်ခိုက် နည်းများ သင်ကြားပြသပေးခဲ့ပြီး သင်တန်းသူ/သင်တန်းသား (၂၂)ဦး တက်ရောက်သင်ကြားခဲ့ကြောင်း သိရသည်။
ဟန်စုယဉ်