ပြင်ဦးလွင် ဧပြီ ၆
မန္တလေးတိုင်းဒေသကြီး ၊ ပြင်ဦးလွင်ခရိုင် ၊ ပြင်ဦးလွင်မြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ ပညာရေးနှင့် ရင်းနှီးကျွမ်းဝင်ပြီး စာတတ်မြောက်ရေး မြှင့်တင်နိုင်ရန် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းအတွက် စာသင်ဝိုင်းများကို သတ်မှတ်နေရာအသီးသီးတို့တွင် ယနေ့ မွန်းလွဲပိုင်း ( ၁ ) နာရီမှ စတင်ဖွင့်လှစ် သင်ကြားလျက်ရှိကြောင်း သိရသည်။
ပြင်ဦးလွင်မြို့နယ်အတွင်းရှိ တောင်ကျွန်း ( အ.မ.က ) တွင် စံပယ်စာသင်ဝိုင်း ၊ မိုးကြိုးကွက်သစ် (အ.လ.က ) တွင် ကံ့ကော်စာသင်ဝိုင်း ၊ ကျွဲနွားထောက် ( အ.ထ.က - ခွဲ ) တွင် မေမြို့စာသင်ဝိုင်း ၊ ပြင်စာ ( အ.ထ.က ) တွင် စိန်ပန်းစာသင်ဝိုင်း နှင့် ဘော် (မူလွန် ) တွင် ချယ်ရီ စာသင်ဝိုင်း တို့တွင် သင်တန်းကြီးကြပ် ဆရာ / ဆရာမများ ၊ သင်တန်းနည်းပြဆရာ /ဆရာမများက သင်တန်းသား ( ၇၉ ) ဦး( စာရင်းရှိ ) အား သင်ကြားလျက်ရှိသည်။
အဆိုပါ ပြင်ဦးလွင်မြို့နယ်အတွင်းရှိ အခြေခံစာတတ်မြောက်ရေးလုပ်ငန်းအတွက် စာသင်ဝိုင်းများကို ဧပြီလ ( ၆ ) ရက်နေ့မှ မေလ ( ၁၅ ) ရက်နေ့အထိ ( သင်္ကြန်အကြိုနေ့မှ နှစ်ဆန်း ( ၁) ရက်နေ့အထိ ( ၅ ) ရက်မပါ ) ရက်ပေါင်း ( ၃၅ ) ရက်တိတိ ၊ တစ်ရက် စာသင်ချိန် အနည်းဆုံး ( ၃ ) နာရီ သင်ကြားပို့ချမည်ဖြစ်ပါကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။
ခရိုင်(ပြန်/ဆက်)