နေပြည်တော် ဧပြီ ၆
၂ဝ၂၄ ခုနှစ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက် ၂၅ နှစ်အောက် အမျိုးသားဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အားကစားရုံ၌ ကျင်းပရာ နေပြည်တော်ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်မှူးကြီးရဲမိုး၊ ဦးဇေယျာလင်း၊ ဦးမြင့်စိုး၊ ဦးမင်းဦးနှင့် ဦးဟန်သူ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ ဒိုင်အဖွဲ့များ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများ ၊ အားကစားဝါသနာရှင်များတက်ရောက်ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးက အဖွင့်အမှာစကားပြောကြားရာတွင် ဘော်လီဘောအဆင့်အတန်း မြင့်မားလာစေရန်၊ လူငယ်များစိတ်ဓာတ်ကြံ့ခိုင်လာစေရန်နှင့် မျိုးဆက်သစ်အား ကစားသမားများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ပြိုင်ပွဲကို ကျင်းပပေးရခြင်း ဖြစ်ကြောင်း၊ နေပြည်တော်တွင် အားကစားပြိုင်ပွဲများ စဉ်ဆက်မပြတ် ကျင်းပပေးခြင်းဖြင့် အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေပြီး နိုင်ငံတော်အတွက် အားထားရမည့် မျိုးဆက်သစ် လက်ရွေးစင်အားကစားသမားများကို မွေးထုတ်ပေးနိုင်မှာ ဖြစ်ကြောင်း၊ ဘော်လီဘောအားကစားနည်းသည် တစ်ဦးချင်းကျွမ်းကျင်မှု၊ လျှင်မြန်ဖြတ်လတ်မှု၊ သက်လုံနှင့် ကြံ့ခိုင်မှုအပြင် အပေးအယူညီညီ၊ စည်းစည်းလုံးလုံးဖြင့် နားလည်မှုရှိရှိ ယှဉ်ပြိုင်ကစားရသည့် အားကစား နည်းတစ်ခုဖြစ်ပါကြောင်း၊ ပြိုင်ပွဲဝင်အားကစားသမားများ အနေဖြင့် မိမိတို့အသင်း အနိုင်ရရှိစေရန် အနိုင်မခံအရှုံးမပေးဘဲ အားကစားစိတ်ဓါတ်အပြည့်အဝဖြင့် အစွမ်းကုန် ကြိုးစားယှဉ်ပြိုင်သွားကြရမှာ ဖြစ်ကြောင်း၊ ဒိုင်လူကြီးများအနေဖြင့်လည်း ပြိုင်ပွဲစည်းမျဉ်း စည်းကမ်းများနှင့်အညီ ဘက်လိုက်မှုမရှိဘဲ တရားမျှတစွာဖြင့် ဆုံးဖြတ်ဆောင်ရွက် ပေးသွားကြရန်လိုကြောင်း၊ ယခုပြိုင်ပွဲမှတစ်ဆင့်နိုင်ငံတော်က အားထားရမည့် နိုင်ငံ့ဂုဏ်ဆောင်အားကစား သမားကောင်းများဖြစ်လာစေရန် ကြိုးစားယှဉ်ပြိုင်သွားကြရန် ပြောကြားခဲ့ပြီး ၂၀၂၄ ခုနှစ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလာ မြို့နယ်ပေါင်းစုံ အသက် ၂၅ နှစ်အောက် အမျိုးသားဘော်လီဘော ပြိုင်ပွဲကို ဖွင့်လှစ်ပေးသည်။
ထို့နောက် ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာအဓိဌာန် (၄)ချက်ကို ရွတ်ဆိုကြသည်။
ယင်းနောက် နေပြည်တော်ကောင်စီဝင်များနှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင်အသင်းများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြပြီး အသက် ၂၅ နှစ်အောက် အမျိုးသားဘော်လီဘောပြိုင်ပွဲ အုပ်စု ပွဲစဉ်အဖြစ် တပ်ကုန်းမြို့နယ်အသင်းနှင့် ပျဉ်းမနားမြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးကြသည်။
၂ဝ၂၄ ခုနှစ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက် ၂၅ နှစ်အောက် အမျိုးသားဘော်လီဘောပြိုင်ပွဲကို ဧပြီ ၆ ရက်မှ ၁၀ ရက်နေ့အထိ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် အားကစားရုံ၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး မြို့နယ်ရှစ်မြို့နယ်မှ ပြိုင်ပွဲဝင်အသင်း စုစုပေါင်း ရှစ်သင်း ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)