မိုင်းယောင်း ဧပြီ ၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဗလမင်းထင်ခန်းမ၌ ယမန်နေ့ညနေ ၃ နာရီက ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်က အမှာစကားပြောကြားပြီး တက်ရောက်လာသည့် ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့ဝင်များက ကျေးလက်နေပြည်သူလုထု၏ လူနေမှုဘဝဖွံ့ဖြိုးတိုးတက်ရေး၊ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ပုံစံ(၇) ထုတ်ပေးနိုင်ရေး၊ လယ်ယာမြေများ ဒေသပေါက်စျေး သတ်မှတ်နိုင်ရေး၊ ပလှပ်မြေများမရှိစေရေး စသည့်လယ်ယာမြေစီမံခန့်ခွဲမှုဆိုင်ရာ ကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
ထို့နောက် ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်က လယ်ယာမြေစီမံခန့်ခွဲမှုဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ဖြည့်စွက်ပြောကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထွန်းမြင့်လှိုင်