စဉ့်ကိုင် ဧပြီ ၆
မြန်မာနိုင်ငံ ပညာရေးဝန်ကြီးဌာနမှ နိုင်ငံတစ်ဝန်းလုံးရှိ ပြည်သူ/သားများ စာမတတ်သူပပျောက်ရေး၊ စာတတ်မြောက်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြင့် စီစဉ်ဆောင်ရွက်လျက်ရှိရာ မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်ပညာရေးဌာနတို့ပူပေါင်း၍ အခြေခံစာတတ်မြောက်ရေး စာသင်/စာဖတ်ဝိုင်းဖွင့်ပွဲ အခမ်းအနားကို မြို့ဝန်ကုန်း (အ.မ. က)တွင် ဧပြီလ ၆ ရက် နံနက် ၉ နာရီက ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်လင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပညာရေးမှူး ဦးကိုကိုကြီးက အခြေခံ စာတတ်မြောက်ရေး စာသင်ဝိုင်းဖွင့်လှစ်ပို့ချရခြင်း၏ ရည်ရွယ်ချက်များနှင့် သင်တန်းတက်ရောက်သူများအနေဖြင့် ယခုသင်တန်းတက်ပြီးနောက်တွင် ရရှိလာမည့် အနာဂတ် အကျိုးကျေးဇူးရလဒ်များကို သိရှိစေရန် အသေးစိတ်ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်ပညာရေးမှူးတို့က သင်တန်းသူများအား သင်တန်းသုံး ပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များ၊ ခဲတံများကို ပေးအပ်ခဲ့ပြီး သင်တန်းနည်းပြဆရာ/ဆရာများမ (၅)ဦးတိုက အလှည့်ကျ ပို့ချသင်ကြားပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အခြေခံစာတတ်မြောက်ရေးစာသင်/ စာဖတ်ဝိုင်းကို ဧပြီလ ၆ရက်နေ့မှ မေလ ၁၅ ရက် နေ့အထိနေ့စဉ် နံနက်(၉)နာရီမှ (၁၂)နာရီအထိ သင်ကြားပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူး ထံမှသိရသည်။
ကျော်စွာ (စဉ့်ကိုင်)