လှည်းကူးမြို့နယ် ဂုံမင်းလျှိုကျေးရွာတွင် မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေ ငွေကျပ်(၄၀၀) သိန်းထုတ်ချေးပေး

လှည်းကူး  ဧပြီ   ၆

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးရွာနေပြည်သူများ လိုအပ်သောအရင်းအနှီးရရှိစေရန်၊ အလုပ်အကိုင်အခွင့် အလမ်းများရရှိစေရန်နှင့် မိသားစုဝင်ငွေများ တိုးပွားစေရန်ရည်ရွယ်၍၊မြစိမ်းရောင် ကျေးရွာစီမံကိန်းရန်ပုံငွေ (၁၀)ကြိမ်မြောက် ချေးငွေပြန်လည်ထုတ်ချေးပေးခြင်းကို ယနေ့နံနက်ပိုင်းက ဂုံမင်းလျှိုကျေးရွာ ဓမ္မာရုံတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ပြန်လည်ထုတ်ချေးရာသို့ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်သန္တာစိုးနှင့် ဝန်ထမ်းများက ကြီးကြပ်၍ ကျေးရွာမြစိမ်းရောင် လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လုပ်ငန်းအမျိုးအစားငါးမျိုးခွဲခြား၍ ချေးငွေအောင်သူ အသင်းသား(၁၂၀)ဦးထံသို့ စုစုပေါင်း ငွေကျပ်(၄၀၀)သိန်းအား စနစ်တကျ နေ့ချင်းပြီး ထုတ်ချေးပေးခဲ့ကြောင်းသိရသည်။

ဂုံမင်းလျှိုကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှ စတင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး (၁၀)ကြိမ်မြောက် မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေများ လွှဲပြောင်းပေးအပ်ခြင်းနှင့် ပြန်လည်ထုတ်ချေးပေးခြင်းဖြစ်ကြောင်း မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက သိရသည်။

အေးအေးနွဲ့(ပြန်/ဆက်)